Wednesday, December 28, 2011

ဖက်ထုပ် (ကြော် ၊ ပေါင်း ၊ ပြုတ်)

ဖက်ထုပ် (ကြော် ၊ ပေါင်း ၊ ပြုတ်)


မနေ့ကတော့ ဘာမှချက်ဘူး။ အပြင်မှာပဲစားလိုက်တယ်။ ပြီးခဲ့တဲ့ သောကြာနေ့က ဖက်ထုပ်ကို အမျိုးမျိုးလုပ်စားတာကို ဒီနေ့တင်လိုက်တယ်နော်။




ဖက်ထုပ်ကြော်ပါ။ အားလုံး ကျွတ်နေအောင်မကြော်ဘဲ ဒီလို ဖက်ထုပ်ကြော်ကို ပိုကြိုက်ပါတယ်။ ဆီနည်းနည်းလေးနဲ့ ကြော်တာမို့လို့ အရမ်းလဲ မအီပါဘူး။ ကျွန်မတို့ အိမ်မှာ ဒီလိုပဲကြော်တယ်။ ဒီအကြော်ကို သူလဲစား ကိုယ်လဲစား။ သုံးဆောင်သွားပါအုံးနော်။ အီရင် အချဉ်နဲ့တို့စားနော်။



ဒါက ဖက်ထုပ်ပေါင်းပါ။ ကိုယ်တော်က ပူရင်မကြိုက်လို့ အပေါင်းလုပ်လိုက်ပါတယ်။ အပေါင်းကလဲ အကြော်နဲ့တောင် သိပ်မကွာဘူး။ ဆီမပါတာဘဲ ရှိတယ်။ သုံးဆောင်သွားပါအုံးနော်။
( မန္တလေားမေ ဖက်ထုပ်ပေါင်းဆိုင် ကဖက်ထုပ်ပေါင်းနဲ့ နင်လား ငါလားပဲ ဟီးဟီး ဖက်ထုပ်ရွက်က ၀ါနေလို့ပါ။ နည်းနည်းလေး တူပါတယ်။ ပေါင်းတာချင်းတူတာကိုပြောတာပါ။ )



ဒါက ဖက်ထုပ်ပြုတ်ပါ။ ကျွန်မကတော့ ပူပူနွေးနွေး ကြိုက်လို့ အရည်သောက်လေးလုပ် စားလိုက်ပါတယ်။ ကျွန်မက ဟင်းရည်ဆို လျှာကျက်ရင် ကျက်သွားပါစေ ပူပူကျွတ်ကွတ်မှ ကြိုက်တယ်။ ဘေဘီမုန့်ညှင်း၊ ခနောတုံးတခြမ်း (ကြက်သားမှုန့်) နဲ့ ငရုတ်ကောင်းမှုန့်နဲ့ အရည်သောက်လုပ်စားလိုက်ပါတယ်။ သုံးဆောင်သွားပါအုံးနော်။




ဒီအချဉ်ရည်နဲ့ တို့စားပါတယ်။ (ဂျင်းပါးပါး၊ ကြက်သွန်ဖြူတောက်တောက်စင်း၊ ငရုတ်သီးတောက်တောက်စင်း၊ ပဲငံပြာရည်/Dark soy sauce ၊ အချိုမှုန့်၊ သံပရာသီးညှစ်၊ ရေကျက်အေးထည့်ပြီး အချဉ်လုပ်လိုက်ပါတယ်။ နှမ်းလှော်လေးထဲလဲ ကောင်းပါတယ်။ ကျွန်မမှာ နှမ်းလှော်မရှိလို့ မထည့်လိုက်ပါဘူးနော်။) တချို့လဲ ငရုတ်သီးကြော် ဆီကျက်မွှေးမွှေးပါတို့စားတတ်ပါတယ်။ ကြိုက်တာနဲ့သာ တို့စားနော်။ အားမနာနဲ့။




ကြော်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့်ပြီး ပွတ်လိုက်တယ်။ ပြီးတော့ ဖက်ထုပ်လေးတွေ တန်းစီလိုက်တယ်။



ပြီးတော့ ဖက်ထုပ်ရွက်နဲ့ ဒီလို မလှမပလေး ထုပ်လိုက်ပါတယ်။



စောကော၊ ဆား၊ အချိုမှုန့်နဲ့ထည့် နယ်ပြီးသောအခါ



ဝက်သားတောက်တောက်၊ ဂေါ်ဖီထုပ်တောက်တောက်၊ ကျူဆိုင်တောက်တောက်




ကျူဆိုင်ကို မသိမှာစိုးလို့ ဓာတ်ပုံရိုက်လိုက်တယ်။ ကြက်သွန်မြိတ်နဲ့တူတယ်။ ဒါပေမယ့် ကြက်သွန်မြိတ်က လုံးလုံးနဲ့အခေါင်းပေါက်၊ ကျူဆိုင်က ပြားပြာချပ်ချပ်ပါ။ ကျူဆိုင်ကို ကြက်ဥနဲ့လဲ ရောပြီးကြော်စားကြပါတယ်။ တစည်းကျန်သေးတယ်။ နောက်နေ့မှ ကြက်ဥနဲ့ ကြော်အုံးမယ်လေ။ ကျူဆိုင်မှာ အဖူးနဲ့ဟာလဲရှိသေးတယ်။ ခေါ်တာတော့ ကျူဆိုင်ပဲခေါ်လားတော့မသိဘူး။ ကျွန်မအထင် အိမ်မှာခေါ်တာတော့ ကြက်သွန်ဖူး လို့ခေါ်တယ်ထင်တယ်။ သူရဲ့ အရသာက ပိုချိုတယ်။ အသားတွေနဲ့ကြော်စားတတ်တယ်။ မှားရင်လဲ ပြောပေးပါအုံးနော်။ အဲ....ဂေါ်ဖီထုပ်သေးသေးကိုတော့ တခြမ်းပဲထည့်လိုက်တယ်။



လိုအပ်သောအရာ


အသား တောက်တောက်စင်း (၀က် ၊ ကြက် မိမိကြိုက်ရာထည့်နော်။ ဒါမှ မဟုတ်လဲ ကြက်ဥကိုခေါက်ကြော်ပြီး တောက်တောက်စင်းထည့်လဲ ရပါတယ်)
ကျူဆိုင် (Koo Chive, Chinese Chive, Kui Chai ဆိုပြီးရေးထားတတ်ပါတယ်။ နောက်ထပ်ဘယ်လိုတွေခေါ်သေးလဲမသိဘူး။ သိရင်ပြောပေးပါအုံးနော်)
ဂေါ်ဖီထုပ်
ဖက်ထုပ်ရွက် (ကိုယ်တိုင်တော့ မလုပ်တတ်ပါဘူး။ ဈေးကနေ လုပ်ပြီးသားဝယ်ခဲ့တာပါ။ ၂၀၀ ဂရမ်ကို ဖက်ထုပ်ရွက် ၃၅ ရွက်ရပါတယ်။ လုပ်စားမယ်ဆို ဖက်ထုပ်ရွက် ချိန်ဆလို့ရအောင် ပြောပြသာပါ။ ကျွန်မ ၀ယ်ခဲ့တဲ့ ဖက်ထုပ်ရွက်က နည်းနည်းဝါတယ်။ ကျွန်မက အဖြူရွက်ကိုပိုက်ကြိုက်တယ်။)


ဖက်ထုပ်ကြော်ပုံ


ကြော်မယ့်အိုးထဲသို့ ဆီနည်းနည်းထည့်ပြီး ပွတ်ထားပါ။ အိုးမကပ်အောင်လို့ပါ။ ပြီးရင် ဖက်ထုပ်ကိုတန်းစီပါ။ ပြီးရင် ရေကို လက်တဆစ်ထည့်ပြီး မီးဖြည်းဖြည်းနဲ့ ကြော်ပေးပါ။ ၁၅ မိနစ်လောက်ကြာပါတယ်။ ရေထည့်မှလဲ အပေါ်က ဖက်ထုပ်သားတွေကျက်မှာပါ။ ရေခမ်းရင် အိုးကို ဟိုလှည့် ဒီလှည့်လုပ်ပေးပါ။ ဖက်ထုပ်ဖင် (ဖက်ထုပ်အောက်သား) များ အကျွတ်ညီသွားအောင်လို့ပါ။ မီးကို အရမ်းကြီးပြင်းစရာမလိုဘူးနော်။ အရမ်းကြီးမီးပြင်းလဲ တူးသွားလိမ့်မယ်။ စိတ်တော့ရှည်ရတယ်။ ကဲ ဒီလို အကြော်လေး လုပ်စားကြည့်ပါလား။ ဒီလိုကြီးကြော်ရတာ စိတ်မရှည်ရင်လဲ ဆီများများနဲ့ ကြော်စားလဲ ရတယ်နော်။ ဒီလိုဆီများများနဲ့ ကြော်တာတော့လဲ တမျိုးတဖုံစားကောင်းတာပေါ့။ ကြိုက်သလိုသာ ကြော်စားနော်။


ဖက်ထုပ်ပေါင်းပုံ


ဖက်ထုပ်ပေါင်းတာကတော့လွယ်လွယ်လေးပါ။ ထမင်းအိုးအန်ထဲထည့်ပြီး ပေါင်းလိုက်တာပါပဲ။ ခက်ပါဘူးနော်။



ဖက်ထုပ်ပြုတ်ပုံ


ရေနွေးတည်ပြီး ဆူလာရင် ဘေဘီမုန့်ညှင်း၊ ခနောတုံးတခြမ်း (ကြက်သားမှုန့်)၊ ငရုတ်ကောင်းမှုန့် နဲ့ ဖက်ထုပ်ကိုထည့်ပြုတ်လိုက်တာပါ။ ဘေဘီမုန့်ညှင်းက မထည့်လဲရပါတယ်နော်။ ခနောတုံးမရှိလဲ ဆား၊ အချိုမှုန့်ထည့်ရပါတယ်နော်။ ဒါလဲ ခက်ပါဘူးနော်

Tuesday, December 27, 2011

လမ်းသရဲမုန့်

လမ်းသရဲမုန့်


တနင်္ဂနွေနေ့ ညနေစောင်းပါလို့ ဘာလိုလို ညာလိုလို သောက်နေကြဆိုင်သို့ သွားဆို့ကွယ် လှမ်းဆို့ကွယ်။ အဲ .......... ဟုတ်ပါဘူး။ ဒါက ကိုယ်တော်ကြီး ဆိုတဲ့သီချင်းပါလေ။ တနင်္ဂနွေ ညနေလဲစောင်းလာပြီ။ လူလဲ ငူတူတူနဲ့ ပျင်းသလိုလို၊ ဖျားချင်သလိုလို၊ ဘာလုပ်ရမလိုလို၊ ညာလုပ်ရမလိုလိုနဲ့ လိုလိုတွေများနေပြီ။ ဒီအပတ် ၃ ရက်ရုံးပိတ်ကလဲ ခဏလေးလိုပါ့။ ဒါနဲ့ တနင်္ဂနွေညနေကို ငူတူတူ ဖြစ်နေမယ့်အစား တစ်ခုခုလုပ်စားလိုက်ပါလား ကိုယ့်ကိုယ်ကိုယ်ပြောလိုက်တယ် (စိတ်ထဲပါ)။ ကိုယ့်စိတ်ကို ပျော်အောင်ထားရမယ်။ ဒါနဲ့ စိတ်အလိုကို လိုက်ခါ လမ်းသရဲလုပ်စားလိုက်တယ်။ လမ်းသရဲ ပူပူစပ်စပ်လေးနဲ့ ရေနွေးကြမ်းလေးနဲ့လည်း စားပြီးရော နည်းနည်းတော့ စိတ်ထဲကျေနပ်သွားတယ်။ လမ်းသရဲကို ရန်ကုန်ရောက်မှ စားဖူးတာ။ မန္တလေးမှာတုံးကတော့ မုန့်ရေပါးဆိုပြီး ခရမ်းချဉ်သီးနဲ့ ချဉ်စပ်စားဖူးတယ်။ ဂေါ်ဖီတော့ မပါဘူးထင်တယ်။ ရန်ကုန်မှာတော့ လမ်းသရဲလို့လဲခေါ်တယ်။ ရေမုန့်လို့လဲခေါ်တယ်။ လမ်းသရဲလုပ်နည်းကို ဒီမှာလဲ တင်ထားဖူးပါတယ်။ လုပ်နည်းတော့ အဲဒီကနေ ထပ်ကူးလိုက်တယ်။ ဒီနေ့တော့ အားမနာတမ်း လမ်းသရဲမုန့်လေး သုံးဆောင်သွားပါအုံးလား။


ရေနွေးကြမ်းနဲ့ ချဉ်စပ် တစ်ခု ၊ ရိုးရိုးတစ်ခု


ဒါကတော့ ရှယ်လမ်းသရဲ (ကြက်ဥနဲ့)
ဒါကတော့ ရိုးရိုး လမ်းသရဲ


ဒါကတော့ ရှယ် မုန့်ရေပါး (ကြက်ဥနဲ့)


ဒါကတော့ ရိုးရိုး မုန့်ရေပါး

စတော်ပဲပြုတ် (ပင်နီဆိုလာက ၀ယ်ခဲ့တယ်)


အဆင်သင့် ပါးပါးလှီးထားပြီးသော (ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ နံနံပင်)



ဆန်စိမ်းမုန့် ဖျော်ထားတဲဟာရယ်၊ ပဲပြုတ်ရယ်၊ ထည့်မယ် အဆာပလာတွေရယ်၊ ကုလားလေးမဆလာရယ်
လိုအပ်သောအရာများ

ဆန်စိမ်းမုန့်
ကြက်ဥ (သို့) ဘဲဥ
မြန်မာနံနံ
ခရမ်းချဉ်သီးအမှည့်
ငရုတ်သီးစိမ်း
စတော်ပဲပြုတ်
ဂေါ်ဖီထုပ်
ပဲပင်ပေါက်
ကုလားလေး မဆလာ

ပြုလုပ်နည်း
ဆန်စိမ်းမုန့်တစ်ဆ ရေနှစ်ဆထည့်ပါ။ ဆား၊ အချိုမှုန့် နည်းနည်းထည့်ပါ။ စားတဲ့ ဆော်တာ နည်းနည်းလေး ပါလေရုံထည့် ပါ။ ပြီးရင်စိမ်းမုန့်ပျော်ပျော်လေဖြစ်အောင်မွှေပါ။ ပဲပင်ပေါက်၊ (ဒီနေ့တော့ ပဲပင်ပေါက်မရှိလို့ မထည့်လိုက်ဘူးနော်။) ပါးပါးလှီးထားသော ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်၊ မြန်မာနံနံ နှင့် ငရုတ်သီးစိမ်းတို့ကို ဆား၊ ကုလားလေး မဆလာ၊ အချိုမှုန့်ဖြင့်ရောနယ်ပါ။ မုန့်ရေပါးလုပ်ရန် အသင့်ဖြစ်နေပါပြီ။ အကြော်အိုးထဲ ဆီထည့်တည်ပါ။ ဆီကိုပါလေ
ရုံပဲထည့်ပါ။ ဆီကျက်ရင် ဖျော်ထားသော ဆန်မုန့်ကိုဇွန်းကြီးကြီး တစ်ဇွန်းနဲ့ခပ်ပါ။ အကြော်အိုးထဲသို့ ဝှေ့ချလိုက်ပါ။ ဒါမှလဲ ခပ်ပြားပြားဖြစ်မှာလေ။ ပြီးရင် နယ်ထားတဲ့ အဆာပလာထည့်၊ စတော်ပဲပြုတ်ထည့်၊ ကြက်ဥကြိုက်တတ်ရင် ကြက်ဥဖောက်ထည့်၊ ပြီးရင်တော့ အကြော်အိုးအဖုံးကိုဖုံးပါ။ ခဏနေ တစ်မိနစ်၊ နှစ်မိဆိုရင် ဆီကို ခပ်နည်းနည်းလေးဖြန်းပေးပါ။ မဟုတ်လဲ ဆီနည်းနည်းပဲ အိုးထဲသို့ ပွတ်ပေးပါ။ ဆီလဲ တအားမများစေနဲ့နော်။ များလွန်းလဲ စားရတာအီတယ်။ နည်းလွန်းပြန်ရင်လဲ အိုးကပ်မှာပူရသေးတယ်။ သုံးမိနစ်လောက်ဆိုရင်တော့ ကုလားလေး မဆလာနံ့နဲ့ နံနံပင်အနံ့လေးလဲမွှေးလာပါပြီ။ လမ်းသရဲမုန့် ရပါပြီနော်။



ကျန်းမာ ချမ်းသာကြပါစေ။ 

ထမင်းအိုး ဘလော့မှ ကူးယူဖော်ပြပါသည်။

သင်္ဘောသီးကြော် (သို့) သဘောင်္သီး ကမောင်းကြော်

သင်္ဘောသီးကြော် (သို့) သဘောင်္သီး ကမောင်းကြော်

သင်္ဘောသီး အစိမ်းတစ်လုံး sheng siong ကနေ ၀ယ်ထားတာရှိတယ်။ ၀ယ်လာတုံးကတော့ သင်္ဘောသီးသုပ် (သို့) အစုံသုပ် လုပ်စားမယ်ဆိုပြီး ၀ယ်လာတယ်။ သင်္ဘောသီးသုပ် လုပ်စားမယ်ဆိုရင် အဆာပလာတွေပါ အစုံလုပ်ရမယ်။ အဆာပလာ မစုံပြန်ရင်လည်း စားမကောင်းဘူး။ အဆာပလာဆိုလို့ အာလူးနဲ့ ပဲကြာဇံပဲရှိတယ်။ နောက်ထပ်လည်း သွားဝယ်ရမှာ ပျင်းပြီ။ နဂိုကတည်းက အပျင်းကလည်း ပေါ်နေတော့ သင်္ဘောသီးသုပ် လုပ်မစားတော့ဘဲ စိတ်ကူးပြောင်းလိုက်တယ်။ သင်္ဘောသီးကြော်က အဆာပလာတွေ ဘာမှ ထူးထူးခြားခြားလဲ ထည့်စရာမလိုဘဲ သူ့ကျည်းပဲကြော်စားတာပါ။ ကြော်စားတဲ့ အရသာက ချိုလဲချိုပါတယ်။ သဘောင်္သီးကြော်ကို ရေနွေးခြမ်းလေး အဆာပြေစားစား၊ ဒါမှမဟုတ် ထမင်းခြမ်းအေးအေးနဲ့ တွဲပြီးစားစား အလွန် ကောင်းပါတယ်။  ဒီနေ့တော့ သင်္ဘောသီးကြော် (သို့) ကမောင်းကြော် ကို အားမနာတမ်း သုံးဆောင်သွားပါအုံးလား။



သဘောင်္သီးကြော်ရယ်၊ မန်ကျည်းမှည့်အချဉ်ရည်ရယ်၊ ရေနွေးကြမ်းရယ်


အကြော်အိုးပေါ်က ချချခြင်း သဘောင်္သီးကြော်ပါ
ဗမာနံနံပင်လေးပါ ထည့်ထားတဲ့ မန်ကျည်းမှည့် အချဉ်ရည်ပါ
သဘောင်္သီးခြစ်ထားတာကရယ်၊ ကြက်သွန်နီပါးပါးရယ်(လေတိုက်ရင်လွင့်မတတ် လှီးထားပါတယ်။ :D ) ၊ ကြက်သွန်ဖြူထောင်းရယ် (ဆန်စိမ်းမှုန့်အောက် ရောက်နေပါတယ်။) ၊ ငရုတ်သီးစိမ်းပါးပါးရယ် (ကတ်ကြေးနဲ့ လက်တစ်ဆစ်စာလောက် ညှပ်ထားပါတယ်။ :D ၊ ဆန်စိမ်းမှုန့်ရယ်၊ ဆားရယ်၊ အချိုမှုန့်ရယ်
သဘောင်္သီးအစိမ်းကို ရေဆေးပြီး ခြစ်ထားတယ်။


အဆာပလာတွေထည့်ပြီး နယ်ပြီးပုံ
ယိုးဒယားတံဆိပ် ဆန်စိမ်းမှုန့်
သင်္ဘောသီး ကြော်အတွက် လိုအပ်သောအရာ

သဘောင်္သီး အစိမ်း ၁ လုံး

ကြက်သွန်နီ ကြီးကြီး ၃ လုံး
ကြက်သွန်ဖြူ ၇ တက်
ဆန်စိမ်းမှုန့် (ယိုးဒယားတံဆိပ် ဆန်စိမ်းမှုန့် သုံးပုံ တစ်ပုံထည့်လိုက်ပါတယ်။ ဆန်စိမ်းမှုန့် ခပ်ထွေးထွေးလေး စားချင်ရင်တော့ ပိုထည့်ရင် ရပါတယ်နော်)
ငရုတ်သီးစိမ်း (မိမိစိတ်ကြိုက်ထည့်ပါ။ မထည့်လဲ ရပါတယ်နော်။)


သဘောင်္သီးကြော်ရန် အဆာပလာနယ်နည်း

သင်္ဘောသီးကို အခွံနွှာပါ။ ပြီးရင် ရေဆေးပြီး သင်္ဘောသီးခြစ်နဲ့ ခြစ်ပါ။ ပြီး နယ်မယ့် ဇလုံထဲသို့
သဘောင်္သီးခြစ်ထားတာကရယ်၊ ကြက်သွန်နီပါးပါးရယ်၊ ကြက်သွန်ဖြူထောင်းရယ်၊ ငရုတ်သီးစိမ်းပါးပါးညှပ်ထားတာရယ်၊ ဆန်စိမ်းမှုန့်ရယ်၊ ဆားရယ်၊ အချိုမှုန့်ရယ် နယ်ပေးပါ။ အရအသာ အနေတော် သိချင်ရင်တော့ သဘောင်္သီးနယ်ထားတာကို လက်ညှိးနဲ့ တို့ပြီး ဆားပြား အနေတော် ဟုတ်မဟုတ် မြည်းကြည့်ပါ။ အရသာလဲ အနေတော်ဖြစ်ရင်တော့ ကြော်မယ့် ဒယ်အိုးထဲ ဆီထည့်ပြီး ကြော်နိုင်ပါပြီနော်။ ဒါဆိုရင်တော့ သဘောင်္သီးကြော် (သို့) သဘောင်္သီး ကမောင်းကြော် ရပါပြီနော်။


ကျန်းမာ ချမ်းသာကြပါစေ။ 

ထမင်းအိုး ဘလော့မှ ကူးယူဖော်ပြပါသည်။