Friday, November 18, 2011

စပ်မိ...စပ်ရာ ဆောင်ပါးများ


Dae Doe – စပ်မိ … စပ်ရာ …


နိုဝင်ဘာ ၁၇၊ ၂၀၁၁
တနေ့သောအခါသမယ မွန်းလွဲပိုင်းအချိန်တွင် ကျောပိုးအိပ်ကြီးတလုံး နောက်ကျောမှာလွယ်လျှက် ပိန်ပိန်ပါးပါး မုတ်ဆိတ်မွှေး အနဲအငယ် ထူထူပြစ်ပြစ်နဲ့ ဥရောပ မျက်နှာအသွင်အပြင်ရှိသူ မျက်မှန်နဲ့ လူငယ်တယောက် ရောက်လာတယ်။ သူက ဒဲ့ဒိုးကို မြင်တဲ့အခါ လက်အုပ်ချီပြီး အရိုအသေပေးတယ်။ ဒါနဲ့ နှုတ်ဆက်စကားပြောဆိုပြီး ဘယ်အရပ်ဒေသက လှည့်လယ်လာတာလဲမေးကြည့်ရာ အီတလီကလာတာတဲ့။

ဒီဘုန်းကြီးကျောင်းကို ၀င်ကြည့်တာတဲ့။ ကျောပိုးအိပ်တလုံးနဲ့  ကြုံရာကျဘန်း လှည့်လည်သွားလာနေတဲ့ လူငယ်တယောက်ဖြစ်ကြောင်း သိရတယ်။ ဗုဒ္ဓဘာသာကို စိတ်ဝင်စားလို့ တရားထိုင်ချင်လို့တဲ့။ သူပြောတာ အားလုံးတော့ ဟုတ်မဟုတ် မပြောနိုင်ဘူး။ ဒဲ့ဒိုး ဒေလီရှိစဉ်က ကုလားတယောက် နေ၀င်မိုးချုပ် ဒဲ့ဒိုးထံရောက်လာတာနဲ့ ဒဲ့ဒိုးက အိန္ဒိယကုလားထင်မှတ်တာကြောင့် ကိစ္စာဟဲလို့ ဟင်ဒီလိုနှုတ်ဆက် လိုက်ရာ တပည့်တော် မန္တလေးကပါဘုရား။ မြန်မာနိုင်ငံသားဖြစ်ကြောင်း ဒီမှာဘုန်းကြီးကျောင်း ရှိတယ်ကြားလို့ နေ့လည်ကတည်းက လိုက်ရှာနေတာ အခုမှတွေ့ တယ်ဟု ဆိုလာချေ၏။ အော် ဒဲ့ဒိုးမွေ့လျော်ခဲ့တဲ့ ရတနာပုံအမည်ရမြို့တော် မန္တလာကဖြစ်တာမို့  ဒဲ့ဒိုးက အားရ ၀မ်းသာနဲ့  “ဦးအုန်း လဘက်ရည်လေး ဘာလေး လုပ်ပါဦး”ဆိုတာနဲ့ စေတနာကောင်းတဲ့ ဦးအုန်းကလဲ ပုဇွန်ခြောက်တွေ ဖောချင်းသောချင်းနဲ့ ထူးရှယ်သုတ်ထားတဲ့ လဘက်သုတ်နဲ့ ဧည့်ခံပါတယ်။ အဆိုပါဧည့်သည်က ဘာသာသာသနာကို ဘယ်လိုဘယ်ပုံ ကြည်ညိုလေးစားပုံကို စကားလုံးတွေ ရွှန်းရွှန်းဝေနေအောင်ပြောကြားပြီး အရှင်ဘုရားကျောင်းမှာ ဘာလိုပါသလဲဘုရား တပည့်တော်အဖေအတွက် ရည်စူးပြီး လှူ ချင်ပါတယ်လို့လျှောက်တယ်။
ဒဲ့ဒိုးက “ရပါတယ်၊ မလိုပါဘူး” လို့ဘဲ ပြောလိုက်တယ်။ သူကလဲ ခနခဏမေးတယ်။ ဒဲ့ဒိုးက ဘာမှမပြောတော့ ဦးအုန်းက ကဲဗျာ ကိုကျော်ဝင်း ဆရာတော်က ဘာမှပြောမှာမဟုတ်ဘူး။ ခင်ဗျားလှူချင်တာ လှူဗျာလို့ ပြောလိုက်တယ်။ ကျောင်းမှ “တီဗွီရှိလားတဲ့” “မရှိဘူးဗျတဲ့” ဦးအုန်း ကလဲ သွက်လက်စွာဖြေလိုက်တယ်။ ဒါဆို သူ လှူမယ်တဲ့။ နှစ်ကုန်ရင် သူလုပ်တဲ့ကုမ္ပဏီက တီဗွီတလုံးပေးမယ်။ ကာလာတော့ မဟုတ်ဘူး။ အဖြူအမဲတဲ့။ ရပါတယ်ပေါ့။ ခပ်တိုတိုပြောရလျှင် အယုံသွင်းပြီး ကျောင်းကပစ္စည်းအလစ်သုတ်သွားတာဘဲ။ ကံကောင်းတာက ဒဲ့ဒိုး မရှိခင် ဒဲ့ဒိုးအိပ်ယာကို လှန်လျောပြီး ရှာထားသော်လဲ ဒဲ့ဒိုးထားတဲ့ငွေကို သူမတွေ့သွားဘူး။ လှိုင်ဦးအပ်ထားတဲ့ ဒေါ်လာ ၄၀၀ နဲ့ ဒဲ့ဒိုးပိုင်တဲ့ ရူပီး ၂၀၀၀၀ ပါတဲ့ ရှိုးကေ့စ်အိပ်က ဒဲ့ဒိုးကုတင်နဲ့ နံရံကြားမှာထားတော့ သူက မမြင်ဘူး။ ဇော်လင်း ငွေ ၂၀၀၀ ဘဲ ပါသွားတယ်။ လူလိမ်ဆိုတာ ဂျိုမပါတော့ လူတိုင်း ယုံလို့မရသလို။ လူတွေ့ တိုင်းသနားလို့လဲ မဖြစ်ဘူး။ မဲဇာနဲ့ ရဲထွဋ် ဂျက်နက်ပူရီနေစဉ်က မြို့ထဲတွေ့တဲ့ ဂျာမနီက လူ တယောက်နဲ့ စကားလက်ဆုံးကျပြီး အိမ်ပေါ်ခေါ်တင်ထားတာ။ သူကလဲ ကျေးဇူးရှင်ကြီးတွေကို အိပ်ဆေးခပ်ချက်ပြုတ်ကျွေးမွေးပြီး သူတို့ ပစ္စည်းဘာမှ မပါပေမဲ့ သူတို့ဆီလာတည်းတဲ့ ကိုယ်တော်နှစ်ပါးပိုက်ဆံတွေ အကုန်ပါသွားပါရောလား။ အခုလဲ အဲဒီလိုများဖြစ်နေမလာလို့ စဉ်းစားမိပေမဲ့ မစိုးရိမ်ပါဘူး။ အခုဒီကျောင်းမှာ ခိုးစရာမှ မရှိတာ။ သူ့ကြည့်ရတာ ရိုးသားပုံတော့ ပေါက်တယ်။
ဒီလိုနဲ့ ဒီလူငယ်က နေ့တိုင်း ရောက်ရောက်လာတယ်။ အ၀တ်အစားက ညစ်ပေနေပြီ။ သူတရားထိုင်တာကို ဗီယက်နမ်ဆရာလေး အနံ့နံလို့ ဘန္တေ သူ့ဓမ္မာရုံထဲ ၀င် နေတယ် သွားပြောပါတဲ့။ မင်းဘာသာမင်း ပြောပါလားလို့ပြောတော့ ဆရာလေးက ဘန္တေဘဲပြောပါတဲ့။ အောင်မာ လူများ သူ့အ၀ှါ ထင် မှတ်နေသလားမသိဘူး။ ခိုင်းလိုက်တာ။ ဒါနဲ့  အီတလီလူငယ် ဓမ္မာရုံထဲကထွက်လာတော့ မင်းဘယ်မှာနေတာလဲဆိုတော့ လေဆိပ်တဲ့-။ ဟိုတယ်မှာလားမေးတော့ မဟုတ်ဘူး၊ လေဆိပ်ထဲမှာဘဲတဲ့။ ခရီးသွားတွေ နားခိုတဲ့ ၀ိတ်တင်းရုမ်း (waiting room) ထဲပေါ့။ အိန္ဒိယလိုဆို ဒီလူငယ်အခက်၊ ခရီးသွားမဟုတ်လျှင် လေဆိပ်ထဲဝင်လို့ရမှာ မဟုတ်ဘူး။ မင်းကို လေဆိပ်တာဝန်ရှိသူတွေက ဘာမှမမေး ဘူးလားဆိုတော့ မမေးဘူးတဲ့။ သူတို့ မှတ်မိနေဟန်တူတယ်တဲ့။ ဟုတ်တော့ ဟုတ်တယ်။ ဒါဝင်လေဆိပ်မှာရှာတာက မူးယစ်ဆေးဘဲ အဓိကထားပြီး အနံ့ခံခွေးနဲ့ လိုက်ရှာတာ။ အိုင်ဒီတွေ ဘာတွေ မေးမနေဘူး။ အိုင်ဒီက လေယာဉ်လက်မှတ် ဘုတ်တင်းပါတ်စ်လုပ်မှ ပြရတာ။ ဒီလိုနဲ့ ဒီလူငယ် လာလာနေတာ သူ့အစား ပင်ပန်းလိုက်တာ။ သူလွယ်ပိုးထားတဲ့အိတ်ကြီးက နဲတာမဟုတ်ဘူး။ လေဆိပ်ကနေ ကျောင်းကို ခြေလျင်လာရ တာ။ လေဆိပ် နဲ့  ကျောင်းက နီးတာမဟုတ်ဘူး။ လေဆိပ်ကိုပြေးတဲ့ လိုင်းကားလဲမရှိ။ တက္ကစီကျတော့ ရှိတဲ့ပိုက်ဆံလေး ၀မ်းဗိုက်ဖြည့်ဖို့ ခြိုးခြံချွေတာနေဟန်တူတယ်။ သူ့မှာ အခက်အခဲရှိပေမဲ့ ဒဲ့ဒိုးထံ ဘာအကူအညီမှမတောင်းဘူး။ ဒါက ကုလားနဲ ကွာခြား ချက်ဘဲ။ ကုလားက တခါမှ မတွေ့ဘူး မမြင်ဘူးပေမဲ့ ဘာခက်အခဲရှိလို့  ကူညီပါဦး ဘာညာပြောပြီး တောင်းရမ်းတဲ့သူက ပေါမှပေါ။ အီတလီ လူငယ်ကတော့ ဘာတခုမှ မတောင်းဘူး။ တနေ့တော့ သူက တောင်းဆိုလာတခုတော့ရှိတယ်။ ဘန္တေတဲ့ ဘန္တေဆီမှာ သူ့ အိပ်ထဲက ပစ္စည်းနဲနဲထားခဲ့ချင်လို့၊ ရမလားတဲ့။ အိတ်ကြီးသယ်ယူရတာလေးလို့တဲ့။ ဘာပစ္စည်းတွေလဲ တန်ဘိုးရှိတာတွေဆိုမထားနဲ့။ ငါ့အခန်းက သိပ်လုံခြုံတာမဟုတ်ဘူး ဆိုတော့၊ ဘာမှတန်ဘိုးကြီးတာ မပါပါဘူး။ အ၀တ်အစားအဟောင်းနဲ့ စာအုပ် တအုပ် နှစ်အုပ်ပါတဲ့။ ဒါဆို ထားခဲ့ကွာလို့ပြောပြီး လက်ခံထား လိုက်တယ်။ သူက အလုပ်အင်တာဗျူး သွားရမယ်တဲ့။ မင်းက ဘာလုပ်တတ်တာလဲမေးတော့ ကွန်ပြူတာနဲ့ပတ်သတ်တဲ့ အလုပ်လက် မှတ်ရထားတာ။ နောက်ပြီး လျှပ်စစ်အလုပ်လက်မှတ်ရှိတယ်။ ကဲ မင်းအလုပ်အင်တာဗျူးမသွားခင် သပ်သပ်ယပ်ယပ်လေးလုပ်သွား မုတ် ဆိပ်တွေရိတ်သွား။ ရေမိုးချိုးသွားလို့ပြောပြီး၊ မုတ်ဆိတ်ရိတ်ဓါးနဲ့ ဆပ်ပြာခဲ တခဲ ပေးလိုက်တယ်။ အီတလီလူငယ်က မုတ်ဆိပ်၇ိတ် ရေမျိုး ချိုးလိုက်တော့ သပ်သပ်ယပ်ယပ်လေးရှိသွားတယ်။ နေ့လည်ကျတော့ အင်တာဗျူးပြီးပြန်လာတယ်။ ရလားဆိုတော့၊ မရဘူးတဲ့။ ဒါဆို မင်း ဘာလုပ်မလဲမေးတော့၊ ကက်သရင်းသွားမယ်တဲ့။ ကက်သရင်းဆိုတာ ကီလိုမီတာ ၂၅၀ လောက်ဝေး တယ်။ ဘတ်စ်ကားမရှိဘူး။ ကိုယ်ပိုင်ကားနဲ့ဘဲ သွားကြ လာကြတာ။ ဓါတ်ဆီဆိုင်က စောင့်ပြီး ကားကြုံစီးမယ်တဲ့။ သူကတော့ ကမ္ဘာတခွင် လှည့်ပတ်သွားလားနေတာဆိုတော့ သိပ်စိတ်ပူပင်ဟန် မရှိဘူး။ အေးဆေးဘဲ။ သူ့အစား ဒဲ့ဒိုး က စိတ်ပူတာအမှန်ပင်။
ဒီလိုနဲ့ ကက်သရင်းသွားပြီမှတ်နေတာ နောက်တနေ့ပြန်ရောက်လာတယ်။ ဟ … ကက်သရင်း မသွားဖြစ်ဘူးလားဆိုတော့၊ ကားမရဘူးတဲ့။ တောင်ပိုင်းပြည်နယ်ကိုသွားတဲ့ရထားတော့ရှိတယ်။ ရထားက တပတ်မှ ၂ ရက်ထဲရှိတာ။ ခရီးသည်တွဲက ၃ တွဲလောက်ပါတယ်။ အော်စီတွေ က တယောက်မှမစီးဘူး။ ကမ္ဘာလှည့်ခရီးသည်တွေဘဲ ရှုခင်းကြည့်ချင်လို့ စီးကြတာ။ ပြီးတော့ ကက်သရင်းနဲ့ ဒါဝင်ကြားထဲမှာ ကက်သရင်း ထက်ငယ်တဲ့ မြို့သေးသေးလဲ တမြို့ရှိတယ်။ ကက်သရင်းမြို့က ဘယ်လောက်ကြီးသလဲဆိုရင် မြို့ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ် အကွာအဝေး က ကားနဲ့မောင်းလိုက်ရင် ငါးမိနစ်။ လမ်းလျှောက်ရင် ၄၅ မိနစ်ဘဲရှိတာ။ ကဲအဲဒီတော့ ရထားတို့၊ ကားတို့ နေ့စဉ်ပြေးဆွဲလို့ စီးသူက တယောက်မှရှိမှာ မဟုတ်ဘူး။ အဲဒီတော့ ကိုယ်ပိုင်ကားမရှိရင် သွားရေးလာရေးက ခက်ခဲသဗျ။ နိုင်ငံခြားသားတွေအဘို့ ကတော့ ကားငှါးလို့ ရတယ်။ ကိုယ့်ဘာသာ မောင်းသွား၊ လိုရာရောက်တဲ့အခါ ကုမ္ပဏီခွဲတွေထံအပ်ခဲ့။ မြန်မာအတွေးနဲ့  ကားမောင်းပြီး ရောင်းစားသွားလေမလား လို့ မတွေးနဲ့။ ဘယ်သူမှ မ၀ယ်ဘူး။ ကားဝယ်ရင် ကားပိုင်ဆိုင်ကြောင်း ဆာတီဖီကိတ်ပြရတယ်။ ဒါက ဗဟုသုတအဖြစ်ပြောပြတာ။
ဒီလိုနဲ့ အီတလီလူငယ်က ဒါဝင်နဲ့ကီလိုမီတာ ၅၀ လောက်အကွာမှာရှိတဲ့ သရက်ခြံထဲ သရက်ခူးတဲ့အလုပ်ရသွားတယ်။ မနေ့ကတော့ သူပြန်ရောက်လာတယ်။ ဟန်မတီဒူးရှိ သရက်ခြံမှာ သရက်သီးခူးနေတာ-တနာရီ ၁၉ ဒေါ်လာခွဲရသတဲ့။ အခုတော့ သရက်သီးရာသီ ကုန်ပြီ မို့ ခရီးဆက်တော့မတဲ့။ ဘယ်သွားမလဲဆိုတော့ ကက်သရင်းကနေ ဆစ်ဒနီ မဲလဘုံးမြို့ကြီးတွေ လှည့်ပတ်လုပ်ကိုင်ပြီး နောက်နှစ်မှာ အီတလီ ပြန်မယ်တဲ့။ ဒီကောင်လေးကို စိတ်ဝင်စားတာနဲ့ ငါ မင်းကိုစိတ်ဝင်စားတယ်။ မင်းဘ၀အကြောင်းပြစမ်းပါဆိုတော့ ပြုံးစိစိနဲ့  ဘာ ပြောရမှန်း မသိဘူးဖြစ်နေတယ်။ ဒါနဲ့ဘဲ ကိုယ်သိချင်တာမေးရတယ်။ ဘွဲ့ရပြီးပြီ။ မောင်နှမ နှစ်ယောက်ထဲရှိတာ။ အဖေက လက်သမား၊ အမေကလဲ အလုပ်ရှိတယ်။ မင်း အခုလိုလျှောက်သွားနေတာ အသိမရှိ ဘာမရှိနဲ့ ဒုက္ခရောက်မှာတွေးပြီး စိတ်မပူဘူးလားဆိုတော့ မပူပါ ဘူးတဲ့။ မင်းဘ၀ ရည်းမှန်းချက်ပြောပြစမ်းပါဆိုတော့ ဘာရယ်တိတိကျကျ မရှိ။ ဘာဖြစ်ချင်တာလဲမေးတော့ တရားအားထုတ်ချင်တာတဲ့ အိန္ဒိယသွားပြီး ဗုဒ္ဓဘာသာအကြောင်းလေ့လာမယ်ပြောတာမို့၊ မင်း ဗုဒ္ဓဘာသာအကြောင်းလေ့လာချင်ရင် မြန်မာနိုင်ငံသွား၊ ထေရ၀ါဒ တက္ကသိုလ်ရှိတယ်။ နိုင်ငံခြားကျောင်းသားတွေအတွက် အဆင်ပြေတယ်။ အခမဲ့ လေ့လာနိုင်တယ်။ အိန္ဒိယဆို အခမဲ့မရဘူး။ ပြီးတော့ ဗုဒ္ဓ ဘာသာနဲ့ပတ်သတ်လို့ အားနဲတယ်။ လေ့လာချင်ရင် မြန်မာနိုင်ငံသွားလို့ အကြံပြုတိုက်တွန်းလိုက်တယ်။ ဒီလိုနဲ့ အီတလီလူငယ်ဟာ ဒါဝင် ကနေ ကက်သရင်းကို ထွက်ခွာသွားပြီ။ သူမသွားခင် ဒဲ့ဒိုးကို ကျေးဇူးတင်လို့တဲ့။ သူ့ ချွေးနဲစာထဲက သဒ္ဓါကြည်ဖြူစွာ အသပြာ ဒေါ်လာ ၅၀ လှူသွားပါတယ်။ သူလှူတဲ့အသပြာကို အကျိုးရှိရှိ အသုံးချရမယ်။ ဒီလထဲ မြန်မာနိုင်ငံပြန်မည့်လူကြုံရှိတော့ စာရေးဆရာမ သန်းမြင့်အောင် ရဲ့ လူအိုများစောင့်ရှောက်ရေး ဂေဟာကို ဒါနပြုရမယ်။ အီတလီလူငယ်ကို အကြောင်းပြုပြီး ဒဲ့ဒိုး အတွေးထဲ ၀င်လာတာက မြန်မာလူငယ်တွေ နဲ့ကွာခြားချက်ဘဲ။ မြန်မာလူငယ်အများစုက ကိုယ့်မှာ အသက်မွေးဝမ်းကြောင်းအတတ်ပညာ ဘာတခုမှတတ်ကျွမ်းခြင်းမရှိဘဲ ကြုံရာကျ ဘန်းလုပ်မယ်ဆိုပြီး နိုင်ငံခြားထွက်တာများတယ်။ ဘာသာစကားလဲ ဟုတ်တိပတ်တိမတတ်။ နိုင်ငံခြားမှာ အလုပ်လုပ်တယ်ဆိုတာ အလုပ် နဲ့ဆိုင်တဲ့ ပစ္စည်းပစ္စယကိုင်တွယ်သုံးစွဲပုံ သုံးစွဲနည်းကအစသိမှ အလုပ်ရှင်က အလုပ်ခန့်တာ။ အိမ်သာဆေးတဲ့အလုပ်တောင် အိမ်သာဆေး တဲ့ဆေးကို ရေအချိုးအစား ဘယ်လိုထည့်ရတယ်ဆိုတာနားလည်မှ အိမ်သာဆေးတဲ့အလုပ်ရတာ။ ဘာမှမတတ်ဘဲ အလုပ်ရှားတယ်၊ အ လုပ်မရဘူးချည်းဘဲ ပြောနေကြတာများတယ်။ လုပ်ငန်းခွင်အကြောင်း ဘာမှနားမလည်ရင် အော်စီလိုတိုးတက်တဲ့နိုင်ငံမှာ အလုပ်ရဘို့ ဆိုတာ မလွယ်ဘူး။ တကယ်လို မတော်တဆလုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရလျှင် အလုပ်ရှင်က နစ်နာကြေးပေးရတာကိုး။ လုပ်ငန်းခွင် မ၀င်ခင် အလုပ်ခွင်လုံခြုံ ဘေးကင်းမှူ (safety) ကို အရင်ပြောပြရတယ်။ ဒါက စကားနားလည်ဘို့အရေးကြီးပုံ၊ မြန်မာဒုက္ခသည်တွေ အလုပ်ခက်တယ်ဆိုတာ ဘာသာစကားနားမလည်တာရယ်၊ အလုပ်နဲ့ပတ်သတ်တဲ့ ဆာတီဖီကိတ်မရှိတာရယ်ကြောင့် ခက်ခဲတာ။ စက်ချုပ် ဘို့ အထည်အပ်ထားရင် ကြာလွန်းလို့ ရွှေစကြာအမည်ရ တောက်တဲ့ဘညီတယောက် အလုပ်ရပြီး တပတ်အကြာမှာ အလုပ်ပြုတ်တာ စကားနားမလည်လို့ ဖြစ်တယ်လို့  ကြားရတယ်။ ဟိုကခိုင်းတာ ဘာမှန်းမသိ။ သူထင်သလိုချုပ်တော့ အလုပ်ပြုတ်တာပေါ့။ ကိုင်း အီတလီ လူငယ်နဲ့ပတ်သတ်တဲ့ စပ်မိစပ်ရာအတွေးစများကို ဒီမှာဘဲအဆုံးသတ်လိုက်ပါ၏။

                                                                      မိုးမခဆိုက်မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment