Friday, November 18, 2011

စပ်မိ...စပ်ရာ ဆောင်ပါးများ


May Nyane – ကျမနံဘေးက သပြေညို

 
ကျမနံဘေးက သပြေညို
မေငြိမ်း၊ နိုဝင်ဘာ ၄၊ ၂၀၁၁
ပန်းကလေးများ
ပွင့်တော့မည်.. 
ဖူးတံဝင့်လို့ချီ နေခြည်မှာ ရွှေရည်လောင်း
ငါတို့ စာသင်ကျောင်း… ။
တကယ့်ကိုမှ အားရပါးရ အော်ဟစ်သီဆိုသံလေးတွေ..ညံလို့နေရော…။ ရပ်ကွက်ထဲက ကျမရဲ့ စာသင်ကျောင်းလေးလေ…။ သပြေညို..တဲ့။  မိဘတွေ ၀ိုင်းဝန်း ပံ့ပိုးမှုနဲ့ ဖြစ်လာရတဲ့ မြန်မာစာကျောင်းလေး။ ကျောင်းသား အယောက် ၄၀ နီးပါးရှိတယ်ဆိုတာ နည်းမှ မနည်းပဲ..။ Maryland နဲ့ Virginia နှစ်ပြည်နယ်က ကလေးတွေ.. တပတ်မှာ တရက်ကျောင်းအားရက် စနေ တရက်မှာ တနာရီစာ ခရီးလောက် ကားမောင်းပြီး မြန်မာစာ သင်ရဖို့ လာကြရတာ…။မပီကလာပီကလာနဲ့ မင်္ဂလာပါဆရာမ.. ကျေးဇူးတင်ပါတယ်ဆရာမ..လို့ နှုတ်ဆက်ကြတဲ့ အသံကို ကြားလိုက်ရရင်..ကျမ တပတ်လုံး မနားမနေ ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရသမျှ အကုန်မေ့ပြီး အမောပြေရပါတယ်။
မောင်တို့မယ်တို့ ကျောင်းခန်းဝင် အပြုံးပန်းကိုဆင်
မင်္ဂလာပါဆရာမ ညီညီညာညာ ရွတ်ဆိုကြ..
မင်္ဂလာပါဆရာမ…….။
+++++++
ကလေးတွေက မြန်မာစာသင်ရတာကို သိပ်ပျော်ကြပါတယ်။သူတို့က မြန်မာလို စာတွေ အများကြီး ဖတ်ချင်တာတဲ့။ မြန်မာပြည်အကြောင်း အများကြီး သိချင်တာတဲ့..။မြန်မာပြည်ကို သွားလည်ရင် အချင်းချင်းစကားပြောနိုင်ချင်တာတဲ့။ အရင်က မြန်မာစကားပြောဖို့အင်မတန် ခဲယဉ်း ပင်ပန်း ကြတဲ့ ကလေးတွေက.. ခုတော့ သူတို့ သိသလောက်ကို စကားသံဝဲ၀ဲလေးတွေနဲ့ကြိုးစားပြောလို့…။ သူတို့ဆိုကြတဲ့ ကကြီး ခခွေး ဗျည်းသံ တွေက တစထက်တစ ပီသလာနေပြီ။ သားတို့သမီးတို့က ဗမာပြည်က တချို့ကလေးတွေထက်တောင် ပီနေပြီ လို့ ကျမပြောရင် သဘောကျ နေကြတယ်။တသံလျင်းချိတ်.. ထ၀မ်းဘဲ.. ဒရေမှုတ်.. ဖဦးထုပ်.. ဗထက်ချိုင့် လို့ ပီပီသသ ဆိုနိုင်တာလေ..။ 
သူတို့လေးတွေကို ဗုဒ္ဓ အကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းတွေကို ပုံပြောသလိုပြောပြဖို့..မဂ္ဂင်ရှစ်ပါးကို ပါဠိပါဠ်သားနဲ့ မဟုတ်ဘဲ ဗမာလို အလွယ်တကူ  နားလည်အောင် ပြောပြဖို့..။ဇာတ်တော်ကြီးဆယ်ဘွဲ့မကုန်တောင် မဟော်သဓာရဲ့ဥာဏ်ပညာတွေအကြောင်းလောက်တော့ သူတို့လေးတွေကိုသိစေချင်တာပါ။
 ပြီးတော့ ကျမတို့ ငယ်ငယ်က နှစ်နှစ်ခြိုက်ခြိုက် စွဲလန်းခဲ့ရတဲ့ ဦးဘကြည်တို့ကာတွန်းဦးဖေသိန်းတို့ရဲ့ ပုံပမာတို့ ဇာတ်တော်ကြီးဆယ်ဘွဲ့ သရုပ်ပြကာတွန်းတွေ ဖတ်တတ်စေချင်တာ..။ဒီက ကလေးတွေ သိလိုစိတ် ပြင်းပြပုံမျိုးနဲ့ဆို သူတို့ဟာ ဗမာစာဖတ်တတ်တာနဲ့ အတူ ဗုဒ္ဓဘာသာနဲ့ယဉ်ကျေးမှုတွေကိုပါ ကျွဲကူးရေပါ သိသွားကြ.. ထဲထဲဝင်ဝင် နားလည်သွားကြမှာ..။ အဲလိုသာဆိုရင်သူတို့ဟာ အမေရိကန်က ကမ္ဘာ့အဆင့်မီ အသိပညာတွေနဲ့အတူ.. မြန်မာ့ဘာသာရေးနဲ့ ယဉ်ကျေးမှုနယ်ပယ်ထဲကနေမှုထိုင်မှုတွေကိုပါ သိသွားကြမှာ..။
ကျမတို့ရဲ့ သပြေညို နဲ့ ပတ်သက်တဲ့ ကျမ မျှော်လင့်ချက်တွေကအဲလောက်ထိ လှပပါတယ်…။
++++++
အမေရိကမှာ ဗမာလို တတ်တော့ ဘာဖြစ်သွားမှာလဲ….တဲ့..။
ဗမာလို မတတ်တော့ရော ဘာဖြစ်မှာမို့လို့လဲ..တဲ့။
ဒီမေးခွန်းတွေကို ဖြေဖို့ဆိုရင် ကျမတို့တွေမြင်ရတဲ့ တန်ဖိုးနဲ့ မမြင်ရတဲ့ တန်ဖိုး ဆိုတာတွေကို နားလည်မှ ဖြစ်မှာပါ။
ကျမတို့ကလေးတွေဟာ သူတို့ရဲ့ အမေရိကန် စာသင်ကျောင်းမှာကမ္ဘာကြီးကို သင်ယူနေကြရသလို သိပ္ပံနဲ့ နည်းပညာတွေကိုလည်း သင်နေကြရတယ်..။ ဘာသာစကားဆိုရင်လည်းအနည်းဆုံး ၂မျိုး သင်နေကြရတယ်..။ အထူးသဖြင့်တော့ အမေရိကမှာ အများဆုံး ယှဉ်တွဲနေထိုင်ကြရတဲ့Hispanic တွေနဲ့ ကူးလူးဆက်ဆံနိုင်ဖို့ သူတို့ဘာသာစကား နဲ့ တချို့ကတော့ ပြင်သစ်ဘာသာစကားကိုသင်ယူကြ ပါတယ်. (ကျမသမီးက ပြင်သစ်ဘာသာ ယူထားပါတယ်)။ 
ဒါတွေက ဒီနိုင်ငံမှာ အရှည်နေထိုင်သွားရေးမှာ တော်တော်အထောက်အကူ ပြုမယ့် ဘာသာစကားတွေဆိုပါတော့။ တချို့ကတော့ အပြင်မှာကို တရုတ်ဘာသာစကားသင်နေပါတယ်..။ဒါလည်း ဟုတ်တာပါပဲ။ တရုတ်ကလည်း အင်အားအကြီးဆုံး ဘာသာစကားတွေထဲက တခုကိုး..။ ဒါတွေက မြင်ရတဲ့ တန်ဖိုးတွေပါ…။
ဒါဖြင့်မြန်မာကလေးတွေ ဘာလို့ မြန်မာစကားသင်ဖို့ လိုသလဲဆိုတာကို စဉ်းစားရအောင်ပါ…။
အမေရိကန်နိုင်ငံမှာ အရောင်အသွေးမျိုးစုံကိုလက်ခံဆက်ဆံတဲ့ နိုင်ငံမို့ ကျမတို့ ၀န်းကျင်မှာ ရုပ်ရည်သွင်ပြင်ပေါင်းစုံ.. ဘာသာစကားပေါင်းစုံ.. ယဉ်ကျေးမှုပေါင်းစုံ.. ဘာသာရေး ပေါင်းစုံ  တွေ့ရပါတယ်။ ထူးခြားတာက ကျမတို့ဗမာတွေကလွဲရင် ကျန်တဲ့ လူမျိုးတွေရဲ့ ကလေးတွေက သူတို့မိခင်ဘာသာစကားကို မပြောတတ်ဘူးဆိုတာမျိုးလုံးဝ မရှိပါဘူး။
တရုတ်.. မက္ကဆီကန်.. လက်တီနို.. ဗီယက်နမ်.. ကိုရီးယား.. ကမ်မ္ဘောဒီးယား..ထိုင်း..အီရန်.. အာဖရိကန်..  အိုး… အကုန်လုံးပါပဲ..။သူတို့ကလေးတွေက အိမ်တွေမှာ သူတို့မိခင် ဘာသာစကား ကိုပဲ ပြောကြပါတယ်။ ကျမတို့ ဗမာမိသားစုတချို့မှာသာကလေးတွေ ဗမာလိုမပြောကြတော့တဲ့ ပြဿနာ ရှိနေတာပါ။
ကျမလေ့လာကြည့်တော့ မိဘတွေက ကလေးတွေဆီကနေအမေရိကန် အင်္ဂလိပ် စကားပြောကို ပြန်လေ့လာယူနေရတာမျိုးမို့ရော.. ကလေးတွေကို ဗမာလို မပြောပြောအောင်လေ့ကျင့်ပေးဖို့ အချိန်မပေးနိုင်လောက်အောင် ဘ၀ထဲ ရုန်းကန်နေကြရလို့ရော ပါပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ.. ကျမစဉ်းစားတာက လူမျိုးတမျိုးဆိုတဲ့အမှတ်အသားပြယုဂ်ရဲ့ တန်ဖိုး.. နောက်တခုက ဘယ်ဘာသာစကားမဆို တန်ဖိုးရှိတာမို့ ထိန်းသိမ်းရမယ်ဆိုတဲ့ကျင့်ဝတ် နဲ့ ကိုယ့်မိခင်ဘာသာစကားကို တန်ဖိုးထားရမယ့် တာဝန်ဆိုတာတွေနဲ့ ဆိုင်တယ်လို့ထင်ပါတယ်။
ပြီးတော့ မြန်မာစာဆိုတာ ဖြစ်လာဖို့ ဘယ်လို ခေတ်အဆင့်ဆင့်ကို ဖြတ်ခဲ့ရသလဲ..။နောက်တခု မြန်မာစာဆိုတာ ခပ်ညံ့ညံ့နုံနဲ့နဲ့ ဆက်သွယ်လို့ ရပြီးရောဆိုတဲ့ ဘာသာစကားမဟုတ်ပါဘူး..။ပြည့်စုံကုံလုံတဲ့၊ ဘာသာစကားဆိုင်ရာ စံတန်ဖိုးတွေရှိတဲ့ ဘာသာစကားပါ။ Dead Languageမဟုတ်ပါဘူး။ Dying Language လည်း မဟုတ်ပါဘူး။ living Language ပါ။
ဘ၀သက်တမ်းရဲ့ တ၀က်ကျော်လုံးမြန်မာစာကို သီးသန့် လေ့လာခဲ့ပြီး မြန်မာစာနဲ့ ဘွဲ့သုံးခု ယူခဲ့တဲ့ ကျမဟာ ခုထိ မြန်မာစာရဲ့တစိတ်တပိုင်းလောက်ကိုတောင် လက်တဆုံး မနှိုက်နိုင်သေးပါဘူး။ မြန်မာစာထဲက  အဆင့်အတန်းမြင့်လှတဲ့စကားသုံးတွေ.. စကားတန်ဆာတွေ.. အဓိပ္ပါယ်တွေကို ထဲထဲဝင်ဝင်သိဖို့ မပြောပါနဲ့ အခြေခံ သဒ္ဒါအထားအသိုမှန်အောင် ပြောဖို့တောင် သဒ္ဒါစနစ်ကို ခုထိ မသိသေးတဲ့ ဗမာစစ်တွေတောင် အများကြီးပါ..။ဒါတွေက မမြင်ရတဲ့ တန်ဖိုးတွေပါ…။ ဒီအတွက် ကိုယ့်ရဲ့ တန်ဖိုးကြီး အဆင့်မြင့်တဲ့ ဘာသာစကားကို ထိန်းဖို့ တာဝန်.. ကျင့်ဝတ်ကကျမတို့မှာ ပါလာပြီးသားဖြစ်တယ်လို့ ကျမ ယူဆတာပါ။
နောက်တခု မြန်မာစာမဖတ်တော့ ဘာဖြစ်လဲဆိုတဲ့ လူပြိန်းစကားမျိုးလည်း ရှိပါသေးတယ်..။ ဟုတ်ကဲ့.. စာမဖတ်တော့ ဘာဖြစ်လဲလို့ သဘောထားတယ်ဆိုတဲ့လူနဲ့ သူ့ပတ်ဝန်းကျင် သဟဇာတ မဖြစ်မှုတွေ.. ဘ၀ထဲ အထီးကျန်စိတ်ကျရမှုတွေ.. ဂုဏ်သိက္ခာလျော့ပါးမှုတွေနဲ့ လူ့တန်ဖိုးလျှော့တွက်ခံရမှုတွေကို ကျမတို့အနားမှာကို သာဓကအဖြစ်မြင်နေကြရတာပဲ မဟုတ်လား..။ ဒါဖြင့် ကျမတို့ကလေးတွေကို ကျမတို့ ဘယ်လို ပုံစံနဲ့ ကြီးပြင်းစေမှာပါလဲ…။

++++++
တပတ်မှာ ၅ရက် အလုပ်လုပ်… မိသားစု၅ယောက်စာတာဝန်တွေ.. စနေတနေ့ မနက်ပိုင်းတပိုင်းလုံး ကိုယ့်ပညာရေးအတွက် ကောလိပ်မှာ ကျောင်းတက်..။ညညတွေမှာ အချိန်မရအရ ပေးပြီး ကျောင်းစာဖတ်ရ..။  ရသစာအုပ်စင် အစီစဉ်အတွက် မဂ္ဂဇင်းတွေ စုံအောင်ဖတ်ရ..။တပတ်မှာ အားရတဲ့ တရက်မှာ.. တပတ်စာဈေးဝယ်.. အိမ်သန့်ရှင်းရေး.. ။ ကျမမှာ တနေ့ကို ပုံမှန်အိပ်ချိန်၎နာရီလောက်ပဲ အမြဲရှိပါတယ်.။ တချို့ ရက်တွေမှာ နေ့လယ် ၁နာရီစာလောက် တရေးအိပ်နိုင်ပါတယ်။အဲဒီလောက် ပင်ပန်းတဲ့ကြားက မြန်မာစာကျောင်းအတွက် စေတနာဆရာမ အလုပ်ကို လုလုပ်တာပါ။   ဆိုတော့…. ကျမဘာအတွက် လုပ်တာပါလဲ….။
ကျမတို့ ဗမာကလေးတွေကို… တန်ဖိုးရှိတဲ့ ဂုဏ်သိက္ခာရှိတဲ့ခေတ်အဆက်ဆက် ထိန်းသိမ်းခဲ့ကြ.. ဖွံ့ဖြိုးအောင် လုပ်ခဲ့ကြရတဲ့ မြန်မာစာပေကို သိစေချင်ပါတယ်။ငါတို့ဟာလည်း ကိုယ့်မြေ..ကိုယ့်ရေ.. ကိုယ့်စာပေနဲ့ နေနိုင်ခဲ့တဲ့ လူယဉ်ကျေးတွေလို့သိစေချင်တယ်။ မြန်မာစာပေထဲက မြန်မာဆန်တဲ့ အလှတရားတွေကို ခံစားတတ်စေချင်တယ်။
အဲလိုခံစားတတ်မှကိုယ့်ရေမြေ ကိုယ့်တိုင်းပြည်တန်ဖိုးကို သိမယ်။ ကျမတို့ဟာ နိမ့်နိမ့်ပါးပါး အရိုင်းအစိုင်းတွေမို့သူများတိုင်းပြည်မှာ နေနေရတာမဟုတ်ဘူးဆိုတဲ့ တန်ဖိုးကို ကလေးတွေသိမှ သူတပါးက နှိမ်တာ..စော်ကားတာကို မခံရနိုင်တဲ့ စိတ်အင်အားတွေ ရှိလာမယ်။
ပြီးတော့ တချိန်မှာ သူတို့ပညာစုံတဲ့အခါကိုယ့်တိုင်းပြည်အတွက် ပြန်ပြီး အလွယ်တကူ အလုပ်လုပ်နိုင်မယ်။ တခြားလူမျိုးတွေ ကိုယ့်ထက်သာသွားလို့ ကျမတို့ တိုင်းပြည်မှာ ၀င်လာ အလုပ်လုပ်နေကြတဲ့နေရာမှာ ပြည်ပမှာ ပညာသင်ခွင့်ရခဲ့တဲ့ကျမတို့ ကလေးတွေက အစားထိုးဝင်ပြီး အလုပ်လုပ်နိုင်မယ်။
အနည်းဆုံး ကျမတို့နိုင်ငံကိုသွားပြီး volunteer အဖြစ် စာသွားသင်ပေးနေတဲ့ နိုင်ငံခြားသားတွေဆိုတာက ကျမတို့ ကလေးတွေဖြစ်လာလိမ့်မယ်။ အဲဒီအခါ ကိုယ့်လူမျိုးအချင်းချင်းဆိုတဲ့ စိတ်ကြောင့် ပိုပြီး အောင်အောင်မြင်မြင်လုပ်နိုင်ကြပေလိမ့်မယ်..။
ပြောရရင်.. ကျမ ဘာလုပ်နေတာလဲဆိုတော့ ကျမနိုင်သလောက်… ကျမကို တစိတ်တည်း တ၀မ်းတည်း ၀ိုင်းကူကြတဲ့ မိဘတွေနဲ့အတူ… ၀ိုင်းကူကြတဲ့ ဆရာမလေးတွေနဲ့အတူ… ကျမတို့ သစ်ပင်လေးတွေစိုက်နေကြတာပါပဲ…။ 
ဘာပင်လေးတွေလဲဆိုတာ့ ကျမတို့စိတ်ထဲ အောင်အတိတ် အောင်နိမိတ်ဖြစ်ဖို့ ရည်စူးတဲ့ အောင်သပြေပင်လေးတွေဆိုပါတော့ ရှင်။ 
+++++
“သပြေညို” 
သူ့ခေါင်းမှာတဲ့ သပြေညို၊
ငါ့ခေါင်းမှာတဲ့ သပြေညို။ 
တို့ပြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။ 
ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုကအသွေး။ 
လင်းကြက်အဆော်
ကွင်းထက်မှာတူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင် 
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။ 

ဇန္နဝါရီ ၄ ၁၉၃၈ 
မင်းသုဝဏ် -၁၉ဝ၉-၂ဝဝ၎
အောက်တိုဘာ၃၀၊ ၂၀၁၁။
(သပြေညို ကျောင်းရဲ့ အမှတ်တံဆိပ်  Logo  လေးကို ပန်းချီ သန်းဌေးမောင်က မေတ္တာနဲ့ ရေးဆွဲပေးပါတယ်)
(မိုးမခ – မေငြိမ်းဘလောက်က ယူပါတယ်။ ခွင့်တောင်းလိုက်တယ်။ ဓာတ်ပုံတွေလိုချင်လို့။ ဓာတ်ပုံတွေက သပြေညိုကျောင်းလေးရှိတဲ့ ၀ါရှင်တန်မက်ထရို “သပြေညိုမြန်မာကွန်မြူနီတီ” က မိသားစုတွေပေါ့)
မိုးမခဆိုက်ကူးယူဖော်ပြပါသည်

No comments:

Post a Comment