Friday, November 18, 2011

စပ်မိ...စပ်ရာ ဆောင်ပါးများ


Kan Tun Thit – နီးလျှက်ဝေးသူနှင့် ဝေးလျှက်နီးသူ


ကံထွန်းသစ် ၊ အောက်တိုဘာ ၂၊ ၂၀၁၁
စောလဝါးတစ်ယောက် ဘာသာတစ်ပါးပြောင်းသွားပြီဟုကြားလိုက်ရတော့ ကျောင်းကိုရောက်လာတတ်သော သူတို့မိသားစုကို ပြန်မြင်ယောင်မိသည်။ ပိန်ပိန်ညိုညိုသူ့ဇနီးနှင့် နို့စို့နို့ညှာ မတိမ်းမယိမ်း ကလေးငယ်သုံးယောက်၊ စောလဝါးဆိုတာ “ကျောက်ဖြူ” ဟုအဓိပ္ပါယ်ရကြောင်း သူ့နာမည်ကို ရှင်းပြရင်း ရွာမှာဆို သူဟာ ရွာဦးကျောင်း၏ ကပ္ပိယလုပ်ကြောင်း၊ ကုသိုလ်လည်းရ ဝမ်းလည်းဝကြောင်း သူပြောသည့်စကားတို့ကိုလည်းကြားယောင်လာသည်။
မကြာခဏကျင်းပလေ့ရှိသော ကျောင်းပွဲလမ်းပွဲတို့တွင် မိသားစုရောက်လာလေ့ရှိသည်။ ရောက်လာတိုင်း သတိပြုမိသည်က သူ၏မူးယစ် ရီဝေနေဟန်၊ ဘာသာရေးထက် ကျန်မာရေးနှင့်ယှဉ်သော အသိဖြင့် သူ့ကို သေရည်သေရက်အပြစ်လေးတွေ ပြောပြဖြစ်ခဲ့သည်။
နောက်တော့ အတွေ့က ကျဲလာသည်။ အလုပ်ရသွားသလိုလို၊ I.L.C ကျောင်းပဲတက်နေသလိုလို ၊ ပျောက်နေရာမှ ဟော .. ခုတော့ပေါ်လာပြီ။ ပေါ်လာတော့လည်း သူဘာသာတစ်ပါးပြောင်းလိုက်ပြီတဲ့။ ခုမှ ဘာသာအစစ်အမှန်ကို တွေ့ရပြီလို့ပင်ဆိုသေးသတဲ့။ စိတ်ထဲမှာတစ်စုံ တစ်ခုကိုခံစားလိုက်ရသည်။ အမျိုးအမည် မခွဲခြားနိုင်၊ ဘာသာဝင်တစ်ယောက် လျော့သွား၍ ခံစားရခြင်းထက်၊ မိရိုးဖလာဘာသာ ဝင် တစ်ယောက်ကို မိမွေ ဖမွေလေးခံနိုင်အောင်ပင် ငါမကူညီနိုင်လိုက်မိလေရော့သလား။
အို … သူ့သဘောသူဆောင်တာပါလေ။ ကိုယ်ဘာများတတ်နိုင်မှာလဲ။ နောက်ပြီး သူ့လိုလူ တစ်ယောက်လျော့သွားလို့ကော … ကိုယ် ဆက်မတွေးသင့်တော့။ ဒီလိုအတွေးအမြင်မျိုး ကိုယ်တစ်ခါမျှ မတွေးခဲ့မိရိုးအမှန်။ ယခုမူ ကရုဏာဒေါသောကြောင့်ထင့်၊ မည်သည့် နိမ့်မြင့်ပုဂ္ဂိုလ်မဆို တန်ဖိုးထား အသိမှတ်ပြုရပေမည်။ နိမ့်သူကို ကရုဏာနှင့်ထွေးပွေ့ရမည်။ မြင့်သူကို မုဒိတာနှင့်ကြိုဆိုရမည်။ ဒါသည်ပင် အဖမြတ်စွာ၏ လမ်းရိုးမဟုတ်လား။
သို့တစေ “သုတဝါ အရိယသာဝကော အသုတဝါ ပုထုဇ္ဇနော”တဲ့၊ ကြားမြင်သုတများသူသာ ငါဘုရား၏ဓမ္မကို လိုက်နာကျင့်ကြံနိုင်သော သာဝကဖြစ်၍၊ သုတကြားမြင်နည်းပါးသူကတော့ ကြုံသမျှတွေ့သမျှသူတွေကို တမော့မော့ အားကိုးတကြီးကြည့်နေရရှာတဲ့ ပုထုဇဉ်သာဆို သည့်စကားတော်က နား၌ပဲ့တင်ထပ်လာပြန်သည်။
ခမြာတွေဟာ လာရာဒေသမှလည်း ကိုယ်ကိုးကွယ်ရာဘာသာတရား၏ အနှစ်သာရကို ဂဃဏနမသိခဲ့ရှာကြ။ ဒေသသစ်ဒီနိုင်ငံေ၇ာက်ပြန်တော့လည်း အခွင့်မသာ။ တွေးရင်းတွေးရင်းနှင့် “ရွှေသမင် ဘယ်ကထွက် မင်းကြီးတာကထွက်”ဆိုသည့်စကားလေးက ကိုယ့်ကို ပြုံး လှောင်နေသကဲ့ သို့ ခံစားမိပြန်သည်။
ခက်တာက သူတို့ကိုယ်တိုင်ကကော ဘဝငြိမ်းအေးမှုကိုလိုချင်တာဟုတ်ရဲ့လား။ ရုပ်ဝတ္ထုတွေ ပြည့်စုံမှုကိုလိုချင်ကြတာများလား။ ဒါဆို လျှင် သူတစ်ပါးနှင့်စပ်သည့် အသက်မွေးမှုရှိသူကိုယ့်မှာ စိတ်ငြိမ်းအေးမှုကို ဖေးမပံ့ပိုးကောင်းပံ့ပိုးနိုင်သော်ငြား သူတို့လိုအပ်သည့် ရုပ်ဝတ္ထု တွေဖြင့်မူ မပံ့ပိုးနိုင်ခဲ့၊ ပံ့ပိုးနိုင်သူတွေကတော့မူ တနင်္ဂနွေနေ့တိုင်း သူတို့ထံရောက်လာတတ်သတဲ့။ သည်မြို့မှာရှိသည့် ခန့်ညားခမ်းနား သည့် ဘုရားရှိခိုးကျောင်းကြီးများ၊ တနင်္ဂနွေနေ့တိုင်း အဝတ်အထည် အသုံးအဆောင်တွေပေးဝေမှုများ သူတို့အလျှင် ဘာသာတစ်ပါး ပြောင်းနှင့်သော ရပ်ဆွေရပ်မျိုးများ၊ ဘယ်အရာက လက်ဝါးတို့ကို တိမ်းညွှတ်စေသည်ကိုတော့ မသိနိုင်။ သေချာတာက စောလဝါးတစ် ယောက် သူ့လိုအင်ဆန္ဒ ပြည့်ဝမှုတစ်ခုခုက ခုမှပဲကိုးကွယ်ရာအစစ်ကိုတွေ့တယ်ဟု ဆိုနိုင်လောက်အောင် လွှမ်းခဲ့ပေလိမ့် မည်။
လဝါးကိုဘယ်လိုပြောရပါ့။ “အကျိုးဆောင်ဘာသာနှင့် အကြိုက်ဆောင်ဘာသာ”တို့အကြောင်း နှိုင်းယှဉ်ရှင်းပြချင်နေမိသည်။ အခွင့်မသာ တော့ပြီထင့်။ အခွင့်သာခဲ့လျှင်တော့ သူနားမဝသည့်တိုင် ကြားဖူရုံမျှတော့ ပြောလိုက်ချင်သေးသည်။ နောက်ပြီး ကိုယ့်မှတ်စုထဲမှာ ကူးယူ ထားသည့်အကြောင်းအရာလေးတစ်ခုကိုလည်း သူတို့ကို ဖောက်သည်ချလိုက်ချင်သည်။
၂၀၁၀ ခု၊ စက်တင်ဘာ (၅) ရက်နေ့က ဆွတ်ဇာလန်နိုင်ငံ ဂျနီဖာမြို့တွင် ကျင်းပသွားသည့်ပွဲတစ်ခုအကြောင်း၊ ကမ္ဘာအရပ်ရပ် ဘာသာ ပေါင်းစုံကိုယ်စားလှယ်တွေ (၂၀၀) ကျော်တက်ရောက်ကြသည့်ပွဲ၊ “အပြည်ပြည်ဆိုင်ရာ အသိဉာဏ်မြင့်မားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း”က ကြီးမှူးကျင်းပခဲ့သည်။ ထိုပွဲတွင် တက်ရောက်လာသူပညာရှင်အားလုံးက “ဗုဒ္ဓဘာသာကို ကမ္ဘာ့အမွန်မြတ်ဆုံး အကောင်းဆုံး ဘာသာ”အဖြစ် မဲပေးရွေးချယ်လိုက်ကြသည်တဲ့။ ကြားစဉ်က မွေးညှင်း ရွှင်မျှကြည်နူးခဲ့ရသည်လေ။
ဂုဏ်ယူမဆုံးဖြစ်ရသည်မှာ တက်ရောက်လာသူ ဘာသာအသီးသီး၏ ခေါင်းဆောင်တိုင်းက ဗုဒ္ဓဘာသာကိုမဲပေးခဲ့ကြခြင်းပင်၊ မဲပေးသူခေါင်း ဆောင်အသီးသီး၏ မှတ်ချက်တွေကို အကုန်မဖေါ်ပြ လိုသော်လည်း ဂျေရုစလင်မှ ဂျူးဘုန်းတော်ကြီး၏ စကားလေးကိုမူ မျှဝေလိုက်ပါရစေ။ သူ ဗုဒ္ဓဘာသာကို မဲပေးခြင်းနှင့်စပ်လျဉ်း၍ “သူဟာ ဂျူးဘာသာကို နှစ်သက်ကိုးကွယ်သူဖြစ်ပေမဲ့ ရိုးသားစွာဝန်ခံရလျှင် ဂျူးလိုဘုရား ဝတ် မပြုခင် ဗုဒ္ဓရဲ့ဝိပဿနာတရားကိုအားထုတ်လာခဲ့သည့်မှာ ၁၉၉၃ ခု၊ ကထဲကပင်”တဲ့။ ကိုယ့်အံ့သြစွာသာဓုခေါ်ခဲ့မိသည်။ ယူတတ်သူအတွက် ရနေပါကလားဟု ကြည်နူးလိုက်မိသည်။
ဘာသာအတွင်းမှာနေရပါလျှက် မယူတတ်သူအဖို့မူ…..။
ခုတော့ ပြောပြရန်နှောင်းခဲ့ပြီထင့်။ အို.. ပြောပြလို့ကော သူတို့နားနှင့် ဆံ့ပါ့မလား၊ ရှိစေတော့၊ မိုးလွန်ခဲ့ပြီမို့ ကိုယ့်မှာထွန်မချသာတော့။
သည်လိုနှင့်မေ့မေ့လျော့လျော့ထားလိုက်တော့သည်၊ သူယုံကြည်ရာအရိပ်သစ်တွင် ငြိမ်းချမ်းပါစေ။ မိသားစုဘဝကို အကောင်းဆုံးတည် ဆောက်နိုင်ပါစေ။ သုရာမေရယတွင်လည်း မနစ်မွန်းပါစေလင့်ဟု ဆုတောင်းပေးလိုက်မိသည်။ သို့နှင့်ပင် သူတို့နှင့်မဆုံခဲ့တော့။
တိုက်ဆိုင်စွာပင်၊ သူတို့နှင့်မဆုံသော်လည်း သူတို့အမျိုးအနွယ် သူတို့ကူးပြောင်းသွားရာ ဘာသာဝင်ဇနှီးမောင်နှံလေးတော့ ကိုယ့်ကျောင်း ရိပ်သို့ ရောက်လာကြပြန်သည်။ ငုဝါသဲနှင့် ပီအိုတဲ့၊ ရောက်လာတိုင်း မြတ်ဗုဒ္ဓကို ညွှတ်တွားမှု မပြုကြသည့်တိုင် ဘုရားပန်းနွမ်းလျှင် လဲ တတ်သည်။ ပုဂံခွက်ရောက်တွေ ကြုံလျှင် ဆေးသွားတတ်သည်။ အမှိုက်တွေသိမ်းပေးသွားကြသည်။ နောက်ဆုံး ဆွမ်းပို့သူမရှိသည့်နေ့တွေ မှာပင် သူတို့ဆွမ်းလာပို့တတ်ကြသည်။ ကိုယ်စားလိုတာရှိလျှင် ပြောဖို့ ဇနီးသည်လေးကပြောသလို သူ့ခင်ပွန်းလေးကလည်း “ဘုန်းဘုန်းရေ မြန်မာပြည်က ရိုးရာပွဲလေးတွေ ပြန်ဖော်ထုတ်နိုင်ရင်ကောင်းမယ်”တဲ့။ ကိုယ်ရုတ်ချည်း မြင်လိုက်မိသည်။ စောလဝါးသည် နီးလျှက်နဲ့ ဝေးခဲ့ပြီ။ သည်မောင်နှံကမူ ဝေးလျှက်နှင့် နီးနေသူများဟု။
ထို့ကြောင့် သူတို့မောင်နှံကောင်းမှုတစ်ခုခုပြုလုပ်တိုင်း “ဘုရားသခင်နှစ်ပါးက ကောင်းချီးပေးပါစေကွယ်”ဟု ကိုယ်ဆုတောင်းပေးတတ်မိ သည်။ သူတို့ကလည်း လိုလိုလားလား ပေးတဲ့ဆုနဲ့ပြည့်ပါစေတဲ့လေ။ သူတို့မောင်နှံကိုကြည့်ရင်း ဘုရားရှင်၏ “နီးသူနှင့်ဝေးသူ” သတ် မှတ်ပြတော်မူမှုကို အမှတ်ရလိုက်သည်။ “ရဟန်းတို့အကြင်သူသည် ငါဘုရား၏သင်္ကန်းစွန်းကို ဆွဲကိုင်၍လိုက်နေစေကာမူ ငါဘုရား၏ တရားကိုကား မလိုက်နာမကျင့်ကြံ၊ ထိုသူသည် ငါဘုရားနှင့်ယူဇနာများစွာခြား၏။ အကြင်သူကမူ ငါဘုရားနှင့် ယူဇနာများစွာဝေးကွာ၏ သို့သော် ငါညွှန်သည့်တရားတို့ကိုမူ လိုက်နာကျင့်ကြံ၏၊ ထိုသူသည် ငါဘုရား၏ သင်္ကန်းစွန်းကို ဆွဲကိုင်လိုက်သူကဲ့သို့နီး၏”
သည်လိုနှင့် မထင်မှတ်သည့် တစ်နေ့မှာတော့ စောလဝါးနှင့် ဆွေမျိုးနီးစပ်တော်သော ဖိုးကီးကီးနှင့် မယ်ထွန်းမယ်ဆိုသည့် ကျောင်းဒကာ မောင်နှံ ရောက်လာကြသည်။ ရောက်မဆိုက် “အရှင်ဘုရား၊ လဝါးတော့ အရှင်ဘုရားဆီလာမလို့တဲ့၊ နောက်ပြီး သင်္ကန်းစီမလို့တဲ့”
ကိုယ်အံ့သြသွားသည်။ တော်တော်နှင့် စကားမဆိုဖြစ်၊ နီးလျှက်နှင့်ဝေးသူ၊ ဝေးလျက်နှင့်နီးသူ တို့ အကြောင်းပြန်စဉ်းစားနေမိသည်။ လဝါး တစ်ယောက် သူ့အလိုမပြည့်တိုင်း တစ်ပါးပြီးတစ်ပါး ပြောင်းနေတာများလား၊ အင်း ကိုးကွယ်ရာကို စားဝတ်နေရေးနှင့်တိုင်းတာပြီး ရှာဖွေနေ တာများလား၊ ကိုယ်တိုင်မကျင့်ကြံဘဲနှင့် ဘယ်ဘုရားကမှ ဖန်ဆင်းမပေးနိုင်ဘူးဆိုတာ သဘောမပေါက်သေးသရွေ့ သူ့အတွက် ဘုရားရှာ လို့ ဆုံးမည်မထင်တော့။
အင်း … ရှိစေတော့၊ သူရောက်လာလျှင် နီးရာမှ ပိုနီးအောင်ကူညီဖို့ သရဏဂုံလေးဆောက်တည်ပေးပြီး သင်္ကန်းပရိက္ခရာလေးတွေ ချီးမြှင့် ပေး ရအုံးမှာပဲလေ။

                                                                    မိုးမခဆိုက်မှကူးယူဖော်ပြပါသသည်

No comments:

Post a Comment