Monday, January 23, 2012

စပ်မိ...စပ်ရာ

လွတ်လပ်စွာ ကားတင်သွင်းခွင့်ပေးရန်အမြန်ဆုံးစီစဉ်နေ၊ တိကျစွာထပ်မံဆွေးနွေးပြီးမှ ထုတ်ပြန်ပေးသွားမည်ဟု စီးပွားကူးသန်းဝန်ကြီးပြောကြား


လွတ်လပ်စွာ ကားတင်သွင်းခွင့်ပေးရန် စီစဉ်နေကြောင်း၊ တိကျစွာ ထပ်မံဆွေးနွေးပြီးမှ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
 လက်ရှိတွင် လုပ်ငန်းရှင်၊ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများထံမှ အဆိုပါအစီအစဉ်အပေါ် အမြင်များ တောင်းခံထားခြင်းသာ ဖြစ်ကြောင်းလည်း သိရသည်။
လွတ်လပ်စွာ ကားတင်သွင်းခွင့်ပြုရာတွင် ဇိမ်ခံကားအမျိုးအစားများအား အခွန်နှုန်းအမြင့်ဖြင့်လည်းကောင်း၊ အများပြည်သူအသုံးပြုနိုင်သည့် ဘတ်စ်ကား၊ အငှားယာဉ်များ တင်သွင်းမည်ဆိုပါက အခွန်နှုန်းအနိမ့်ဖြင့် တင်သွင်းခွင့်ပြုရန် လတ်တလော စီစဉ်ထားကြောင်း နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲတွင် တက်ရောက်လာသည့် စီးပွားရေးဆိုင်ရာကဏ္ဍစုံမှ တာဝန်ရှိသူများအား လွတ်လပ်စွာကားတင်သွင်းခွင့်ပေးရန် စီစဉ်ထားမှုအပေါ် အမြင်များအား တောင်းခံခဲ့ခြင်းလည်းဖြစ်သည်။ပြည်ထောင်စုဝန်ကြီးမှ "ကျွန်တော့်အနေနဲ့ကတော့ အမြန်ဆုံးပေးချင်ပါတယ်။ ကျွန်တော်က အခုစီစဉ်ထားတဲ့အတိုင်း ပေးလိုက်ရမလားလို့ အမြင်တောင်းထားတာ မပြောကြသေးဘူး။ ထပ်ဆွေးနွေးပြီးမှပဲ ထုတ်ပြန်ပါမယ်" ဟု ပြောကြားခဲ့ပါသည်။


မြန်မာနိုင်ငံ၏ ဘက်ဂျက်ရေးဆွဲရန်အတွက် သြစတြေးလျပညာရှင်များက အကူအညီပေးမည်


မြန်မာနိုင်ငံ၏ ဘက်ဂျက် ရေးဆွဲရာတွင် သြစတြေးလျနိုင်ငံမှ ပညာရှင်များက အကူအညီပေးမည်ဟု နိုင်ငံတော်သမ္မတ၏ အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောကြားခဲ့ပါသည်။

"ဂက်စ်ကဘယ်လောက်ရတယ်၊ ဘာတွေသုံးနေပါတယ်၊ ဘက်ဂျက်က ဘယ်လောက်ရတယ်၊ ဘာတွေသုံးနေပါသလဲ ဆိုတာ ရှိရမယ်။ မြန်မာနိုင်ငံမှာ အရင်ကလည်း ဘက်ဂျက်ရေးဆွဲဖို့အတွက် ဟားဗက်တက္ကသိုလ်က လာလုပ်ပေးဖူးတယ်။ အခုလည်း ဒါမျိုးတွေ လုပ်သင့်တယ်။ ဘက်ဂျက်ကိစ္စ သြစတြေးလျကို အကူအညီ တောင်းထားတယ်။ သြစတြေးလျက အကူအညီပေးမယ်" ဟု နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်က ပြောကြားခဲ့ပါသည်။


မှောင်ခိုတင်သွင်းမှုများအား သုံးလအတွင်း လျော့ကျသွားစေရန် ဆောင်ရွက်မည်


မှောင်ခိုတင်သွင်းမှုများအား သုံးလအတွင်း လျော့ကျသွားစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ပါသည်။
"မှောင်ခိုတွေ လိမ့်သွင်းတဲ့အတွက် ပြည်တွင်းက ကုန်ပစ္စည်း ထုတ်လုပ်သူတွေ စက်ရုံတွေတောင် ပိတ်ရတော့မယ့် အခြေအနေတောင် ရှိနေတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရတယ်။ ကျွန်တော်တို့ မှောင်ခိုပစ္စည်းအဓိကဝင်တဲ့ မင်္ဂလာဈေး၊ သိမ်ကြီးဈေးနဲ့ စက်မှုဇုန်တွေအထိဆင်းပြီး အစည်းအဝေးတွေလုပ်မယ်။ ဘယ်ဟာက မှောင်ခိုပစ္စည်း၊ ဘယ်ဟာက တရားဝင်ပစ္စည်းဆိုတာ ရှင်းပြမယ်။ ဒီလိုရှင်းပြပြီး အသိပေးပြီးမှ မှောင်ခိုပစ္စည်းဆို အခွန်ဘယ်လို ဆောင်ရမယ်ဆိုတာ လုပ်မယ်။ လုပ်တဲ့အခါမှာ ကျွန်တော်တို့ သုံးလအတွင်း၊ ရက် ၉၀ အတွင်းပေါ့ဗျာ လျော့ကျအောင်လုပ်သွားမယ်" ဟု နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။  


ပည်တွင်းထုတ် အရက်အတုနှင့် ပြည်ပမှတရားမ၀င်တင်သွင်းသည့် အရည်အသွေးနိမ့်ဆေးဝါးများကြောင့် အများပြည်သူ ထိခိုက်ခံစားနေရ


ပြည်တွင်းထုတ် အရက်အတုနှင့် ပြည်ပမှ တရားမ၀င်တင်သွင်းသည့် အရည်အသွေးနိမ့်ဆေးဝါးများကြောင့် အများပြည်သူ ထိခိုက်ခံစားနေရဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ပါသည်။
 ကျေးးရွာ ၁၀ ရွာတွင် ၆ ရွာ၌ အရက်တုနှင့် အရည်အသွေးနိမ့်ဆေးဝါးများ ပြန့်နှံ့သုံးစွဲနေရသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဇန်န၀ါရီလ ၂၃ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသည့် ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆွေးနွေးပွဲ၌ ပြောကြားခဲ့ပါသည်။
ပြည်တွင်းထုတ် အရက်တုများကြောင့် ကျေးလက်နေတောင်သူများ၊ လယ်ယာလုပ်သားများ၏ အခြေအနေကို ပြည်ထောင်စုဝန်ကြီးက "ကျေးရွာ ၁၀ ရွာမှာ ၆ ရွာလောက်က အရက်အတုနဲ့ ပြည်ပနိုင်ငံက တရားမ၀င်တင်သွင်းတဲ့ အရည်အသွေးနိမ့် ဆေးဝါးတွေသုံးနေတယ်။ ဧရာဝတီတိုင်းဒေသကြီးရော စစ်ကိုင်းတိုင်းဒေသကြီးမှာပါ တွေ့ရတယ်။ အရက်တုသောက်တဲ့သူတွေဆို မျက်နှာတွေဖောရောင်နေတယ်။ အသက်အရွယ်နဲ့မလိုက် အိုမင်းနေတယ်။ အဲလိုပုံစံတွေကို သေချာသိအောင်ပြချင်ပါတယ်။ ဒီကိစ္စတွေကို မီဒီယာတွေအနေနဲ့လည်း ရေးသားစေချင်ပါတယ်"ဟု ပြောကြားခဲ့ပါသည်။

                                                                                               Eleven Media Group မှ

No comments:

Post a Comment