Monday, January 23, 2012

ကျောက်မဲမြို့က န၀မတန်း ကျောင်းသူလေးတွေရဲ့  အဖြစ်အပျက်ကတော့ အံသြထိတ်လန့်စရာပါ။

ကျောက်မဲမြို့က န၀မတန်း ကျောင်းသူလေးတွေရဲ့  အဖြစ်အပျက်ကတော့ အံသြထိတ်လန့်စရာပါ။


ကျောက်မဲမြို့က န၀မတန်း ကျောင်းသူလေးတွေ အင်တာနက် မှာတွေ့တဲ့ သူတစ်ယောက်ဆီကို မိဘတွေ မသိအောင် တိတ်တိတ်လေး သွားခဲ့တဲ့ အဖြစ်အပျက်ကတော့ အံသြထိတ်လန့်စရာပါ။ သူတို့လေးတွေ ကံကြီးပေလို့သာပေါ့။

ဖြစ်ပုံကတော့ ကျောက်မဲမြို့ အထက (--- ) မှ န၀မတန်းကျောင်းသူလေး သုံးယောက်ဟာ  အင်တာနက်ဆိုင်တွေမှာ chatting ထိုင်ရင်း ရန်ကုန်မှာနေတဲ့ ကို ------- ( Ph No. ------)   နဲ့ ခင်မင်မိကြပါသတဲ့။ ဖုန်းအဆက်အသွယ်လည်း ရှိတယ်လို့ဆိုပါတယ်။ online chatting တို့သဘာဝအတိုင်း အပြင် မှာ တွေ့ကြရအောင် ဘာညာပေါ့လေ။ နောက် chatting ခဏခဏ လုပ်ကြရင်း ကျောင်းသူလေးတွေက ရန်ကုန်လိုက်သွားဖို့ စိတ်ဝင်စား လာကြပါတယ်။
ကျောက်မဲက ရန်ကုန်ကို သွားချင်ရင် လွယ်လွယ်လေးရယ်လေ၊  ကျောက်မဲကို နေ့လည် ၂ နာရီခွဲလောက်မှာ ဆိုက်တဲ့ လားရှိုး-ရန်ကုန် Bus ကားတွေနဲ့ လိုက်သွားရင် နောက်နေ့မနက် ၄ နာရီဆို ရန်ကုန်ရောက်ပြီပေါ့။ ကားခက တစ်သောင်းခွဲလောက် ပေးရတယ်လေ။ အဲဒါကို မချောတို့ အချင်းချင်း တိုင်ပင် ကြပြီး မိဘဆင်ထားတဲ့ ရွှေဆွဲကြိုးကို ရောင်းပြီး 15.1.2012  (တနင်္ဂနွေနေ့) က ရန်ကုန်ကို လိုက်သွားခဲ့ ကြပါတယ်။ လိပ်စာလည်း မသိပဲလိုက် သွားခဲ့ ကြတာနော်။ ရန်ကုန်ရောက်တော့ ကားဂိတ်ကနေပြီး- ကို ……….. ဆီကို  ဖုန်းဆက်ခေါ်ပြီး လဘက်ရည်ဆိုင်ကနေ စောင့်နေခဲ့ကြပါတယ်တဲ့။ အဲဒီကို ……... ဆိုတာက လူပျိုကြီး (over 30) တဲ့။ နောက်အဲဒီလူ- ကို ……… လည်းရောက်လာရော သူထင်ထားတာက အရွယ်ရောက်ပြီး မိန်းကလေး အခု တွေ့လိုက် ရတာက ၁၅ နှစ် ၀န်းကျင် ၉ တန်း ကျောင်းသူလေးတွေဆိုတော့ တွေ့တွေ့ပြီးချင်း သူပြောတဲ့စကားက " ကလေးတွေပဲ " တဲ့လေ။ အဲဒါနဲ့ ကို ……… လည်း ကောင်မလေးတွေကို အိမ်ကို ခေါ်သွားရတော့တာပေါ့လေ။
ကျောက်မဲမှာကလည်း မိဘတွေက ညရောက်လို့ ပြန်မလာတဲ့ သမီးတွေကို စိတ်ပူပြီး လိုက်ရှာကြတဲ့အခါ ရန်ကုန်ကားနဲ့ လိုက်သွားတဲ့ အကြောင်းသိရ ပါတယ်။ နောက်သူတို့ သုံးယောက်နဲ့ ရန်ကုန်လိုက်မယ် လုပ်ပြီးမှ မလိုက်ဖြစ်တဲ့ ကောင်မလေးဆီ သတင်းစုံစမ်းတဲ့အခါ ကောင်မလေးက ပထမပိုင်းမှာ သူမသိဘူး ပြောတာတဲ့။ အဲဒါဆိုရင် နင်အဖမ်းခံရမယ် ဘာညာပြောမှ ကို ………… ရဲ့ ဖုန်းနံပတ်ကိုရတာ။ အဲဒါ ကျောက်မဲ ရဲစခန်းကတဆင့် ရန်ကုန်  ရဲစခန်းကို လှမ်းကြောင်းကြားလို့ ရန်ကုန်ကရဲတွေ ကို………. ရဲ့ အိမ်ကို  ရောက်သွားတဲ့အခါ ကျောင်းသူလေး သုံးယောက်ကို အဲဒီအိမ်က ကလေးတွေနဲ့ ကစားနေတာတွေ့ ရတယ်တဲ့။ (ကလေးစိတ်မပျောက်၊ လူကြီးစိတ်မရောက်နဲ့ ဒါကြောင့် မနူးမနပ်အရွယ်လို့ ခေါ်တာထင်ပါရဲ့) ရန်ကုန် ရဲစခန်းရဲ့အကြောင်း ကြားချက်အရ  ကျောက်မဲက မိဘများက ရန်ကုန်ကို လိုက်သွားပြီး ပြန်ခေါ်လာခဲ့ကြတယ်တဲ့။
ဒီကျောင်းသူလေး သုံးယောက်ဟာ လူကောင်းတစ်ယောက်ဆီ ရောက်သွားလို့ ကောင်းကောင်းမွန်မွန် ထိန်းသိမ်း စောင့်ရှောက်ထားတာကို ခံခဲ့ရတာနော်။ မသူတော် စားဖားတွေနဲ့များ တွေ့သွားရင် ဘ၀ပျက် ရောင်းစားခံရမှာ။
ကဲ chatting မင်းသား/မင်းသမီး ကိုကိုQ ၊ မမQ တို့ရေ  Q တာလဲ Q ပါ၊  ဒါပေမယ့်။ တဘက်က သူဟာ ဘယ်အရွယ်လဲ၊ ဘယ်လိုလူများလဲ ဆိုတာ သေချာမသိရပဲနဲ့ တွေ့ဖို့ မကြိုးစားစေချင်ပါဘူး။ မိန်းကလေးတွေဆို ဘ၀ပျက်သွားနိုင်ပြီး၊ ယောက်ျားလေးတွေဆို  အရွယ်မရောက်သေးသူကို သွေးဆောင် ဖျားယောင်းမှုနဲ့ တရားစွဲခံရမှာက သေချာတယ်လေ။

မောက္ခ 

                                                                                              သစ်ထူးလွင်ဘလော့မှ

တာချီလိတ်တွင် လားဟူတိုင်းရင်းသား(စုပေါင်း)နှစ်သစ်ကူးပွဲတော် စည်ကားစွာကျင်းပ



တာချီလိတ်မြို့တွင် လားဟူ တိုင်းရင်းသားရိုးရာ(စုပေါင်း)နှစ်သစ်ကူးပွဲတော်ကို ရှမ်းရိုးမကွင်းပြင်တွင် ဇန်န၀ါရီလ ၁၉ မှ ၂၁ ရက် အထိကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတော်သို့ တာချီလိတ်မြို့ပေါ်နှင့် တောင်ပေါ်ကျေးရွာနေ လားဟူတိုင်းရင်းသား အများအပြား လာရောက်ခဲ့ပြီး အခြားတိုင်းရင်းသားများလည်း ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ပွဲတော်တွင် ခေတ်ပေါ်တေး ဂီတစင်နှင့် လားဟူရိုးရာမြေ၀ိုင်း အတီးနှင့်အကများပါဝင်ခဲ့ပြီး ကျေး ရွာများမှ လားဟူတိုင်းရင်းသား အကများကို ကပြခဲ့ကြကြောင်း၊ ခေတ်ပေါ်တီးဝိုင်းတွင် လားဟူအဆိုတော်များအပြင် နာမည်ကြီးအဆိုတော် များလည်း ဖျော်ဖြေခဲ့ပြီး ညစဉ် တိုးမပေါက်အောင် စည်ကားခဲ့ကြောင်း၊ ပွဲတော်တွင်ကံစမ်းမဲများ၊ တိုင်းရင်းသား အ၀တ်အထည်ဆိုင်များ၊ ရိုးရာအစားအစာဆိုင်များ၊ ပျော်ရွှင်ဖွယ်ကစားနည်းများ လာရောက်ဖွင့်လှစ်သူအများအပြားရှိပြီး ရောင်းကောင်း ခဲ့ကြောင်း သိရသည်။
''ကျွန်မက နမ့်တူးရွာက လာတာပါ။ အားလုံးအယောက် ၃၀ ကျော်လာပြီး နှစ်ညအိပ်ပါတယ်။ ကျွန်မတို့တိုင်းရင်းသားပွဲတော်လည်းဖြစ်တော့ အရမ်းပျော်တယ်။ ပွဲတော်လာတဲ့သူတွေက ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ အီတန်ကားတွေနဲ့ လာကြပါတယ်။ ရွာမှာအဘိုးအဘွားတွေပဲ ကျန်တယ်။ ရွာလုံးကျွတ် လာကြတယ်။ မြေ၀ိုင်းအကမှာ ရွာတိုင်းကကြတယ်''ဟု နမ့်တူးရွာမှ မနန်းခမ်းက ပြောပြသည်။    

EMG


မိလ္လာတွင်းထဲ လက်စွပ်ဆင်းရှာသူသုံးဦး အဆိပ်ငွေ့ရှူမိပြီး အသက်ဆုံးရှုံး




မိလ္လာတွင်းထဲသို့ ဆာဖြူရစ်အက်ဆစ်ပြင်းထည့်ပြီး လက်စွပ်ဆင်းရှာသူသုံးဦး အဆိပ်ငွေ့ရှူမိပြီး အသက်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျုံကဒတ်စံပြကျေးရွာ ပြည်တော်သာလမ်းနေ ကိုမျိုးမြင့်(ခ)ကွန်ဗလိုင်(၃၉)နှစ်၏ ဇနီး မခင်ခင်မိုးသည် အိမ်သာတက်ရင်း ငါးမူးသား ရွှေလက်စွပ်တစ်ကွင်း မိလ္လာကျင်းသို့ ကျသွားခဲ့ရာ လက်စွပ်ပြန်လည်ရှာဖွေရန် အနီးနားနေထိုင်သူများကို အကူညီတောင်းခံခဲ့သည်ဟု သိရပါသည်။
ကိုမျိုးမြင့်သည်ဒေသတွင်း ရော်ဘာခြံများတွင် အသုံးပြုကြသော ဆာဖြူရစ်အက်ဆစ်သုံး ပုလင်းရှာဖွေကာ မိလ္လာကျင်းထဲလောင်းထည့် ပြီးနာရီဝက်ခန့်အကြာတွင် နော်ကိုကို (ခ)စိတ်တို(၃၄)နှစ်(ဘ)ဦးဥာဏ်သိန်းက ပထမဆုံးဆင်းသွားရာ အချိန်အနည်းငယ်ကြာသည်အထိ မည်သည့်အသံမကြား၍ ကိုမျိုးမြင့် လိုက်ဆင်းသွားပြီး ကျင်းထဲ၌လဲကျ သွားကြောင်း၊ ကျင်းအနီးရှိနေသော ဦးအုံးတင်(ခ)ဖိုးသြ(၅၂)နှစ်(ဘ) ဦးအေးမောင်က အိမ်ရှင်အမျိုးသမီးကို အသိပေးကာ အကူအညီပေးရန် လိုက်ဆင်းခဲ့ပြီး ကျင်းထဲအရောက် လဲကျငြိမ်သက်သွားကြောင်း၊ ကျင်းအနားရောက်နေသော ဦးအောင်မြတ်က ကူညီရန်ကျင်းထဲသို့ဆင်းနေစဉ် ပတ်ဝန်းကျင်အနီးအနားက လူအများ ၀ိုင်းဝန်းဆွဲတင်ကာ သတိရစေရန်ပြု လုပ်ပြီး သံဖြူဇရပ်မြို့နယ်ဆေးရုံ သို့ပို့ဆောင်ခဲ့ရာ ပြန်လည်သက်သာလာကြောင်း သိရသည်။ ကျင်းထဲကျနေသူသုံးဦးအား ဆယ်တင်နိုင်ခဲ့သော်လည်း အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်စဉ်အား အပိုင်ရဲစခန်းက သေမှုသေခင်း (၂/၂၀၁၂)ဖြင့် အမှုဖွင့်ထားကြောင်း ဟုသိရသည်။
EMG

No comments:

Post a Comment